လည်ပင်းကြီးရောဂါ
|

လည်ပင်းကြီးရောဂါ

လည်ပင်းရှိ သိုင်းရွိုက်ဂလင်း (Thyroid Gland) ကြီးလာခြင်းကို လည်ပင်းကြီးရောဂါ(Goiter) လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အတွေ့များရတဲ့ လည်ပင်ကြီးရောဂါ ဘာကြောင့်ဖြစ်လဲ၊ ဘယ်လိုကာကွယ်ကုသရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ 

သိုင်းရွိုက်ဂလင်းဆိုတာ လည်ပင်းရဲ့အရှေ့ပိုင်းမှာရှိတဲ့ လိပ်ပြာပုံစံ ဂလင်းလေးတစ်ခုပါ။ ဒီဂလင်းက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဟော်မုန်းတွေကို ထုတ်ပေးပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းညှိပေးပါတယ်။ သိုင်းရွိုက်ဂလင်း ကြီးလာတဲ့အခါ လည်ပင်းမှာ အဖုအကျိတ်လိုမျိုး ပေါ်လာပြီး အဲဒါကို လည်ပင်းကြီးရောဂါလို့ ခေါ်ပါတယ်။ 

လည်ပင်းကြီးရောဂါ အမျိုးအစား( ၂ )မျိုး

  •  ရိုးရိုးလည်ပင်းကြီးရောဂါ (Simple Goiter)

သိုင်းရွိုက်ဂလင်းတစ်ခုလုံး ကြီးလာတာဖြစ်ပြီး ကင်ဆာအဆင့်ထိတော့ မရောက်နိုင်ပါဘူး။ 

အိုင်အိုဒင်းဓာတ် ချို့တဲ့လို့ ဖြစ်တတ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်း ပမာဏ ပုံမှန်ဖြစ်နိုင်သလို များတာ (hyperthyroidism)၊ နည်းတာ (hypothyroidism) လည်း ဖြစ်နိုင်ပါတယ်။

  • အကျိတ်ပါသော လည်ပင်းကြီးရောဂါ (Nodular Goiter)

သိုင်းရွိုက်ဂလင်းထဲမှာ တစ်ခု (သို့) တစ်ခုထက်ပိုတဲ့ အကျိတ်တွေ ဖြစ်လာတာပါ။အကျိတ်တွေက ကင်ဆာမဟုတ်တဲ့ အကျိတ် (benign) လည်း ဖြစ်နိုင်သလို၊ ကင်ဆာအကျိတ် (malignant) လည်း ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းကို ပုံမှန်ထုတ်လုပ်နိုင်သလို၊ များတာ (hyperthyroidism)၊ နည်းတာ (hypothyroidism) လည်း ဖြစ်နိုင်ပါတယ်။

လည်ပင်းကြီးရောဂါ ဖြစ်စေတဲ့အကြောင်းရင်းများ

  • အိုင်အိုဒင်းဓာတ် ချို့တဲ့ခြင်း

အိုင်အိုဒင်းဓာတ်က သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်ဖို့အတွက် အရေးကြီးဆုံး အရာဖြစ်ပြီး  မလုံလောက်ပါက သိုင်းရွိုက်ဂလင်းကလည်း ဟော်မုန်းအလုံအလောက် မထုတ်နိုင်တော့တဲ့အတွက် လည်ပင်းကြီး‌ရောဂါ ဖြစ်လာတတ်ပါတယ်။

  • သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှု လွန်ကဲခြင်း (Hyperthyroidism)

သိုင်းရွိုက်ဂလင်းက ဟော်မုန်းကို ပုံမှန်ထက်ပိုထုတ်တဲ့အခါ ဖြစ်တာပါ ။  Graves’ disease (ဂရေ့ဗ်ရောဂါ) လိုမျိုး ရောဂါမှာ ကိုယ်ခံအားစနစ်က သိုင်းရွိုက်ဂလင်းကို မှားယွင်းတိုက်ခိုက်တဲ့အခါ သိုင်းရွိုက်ဂလင်းလဲကြီးလာပြီး ဟော်မုန်းတွေ အများကြီးထွက်လာတာ ဖြစ်ပါတယ်။ 

လည်ပင်းကြီးရောဂါ
  • သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်မှု အားနည်းခြင်း (Hypothyroidism)

သိုင်းရွိုက်ဂလင်းက လုံလောက်တဲ့ ဟော်မုန်း မထုတ်လုပ်နိုင်တဲ့အခါ ဖြစ်တာပါ။ခန္ဓာကိုယ်က ဟော်မုန်း မလုံလောက်တဲ့အခါ သိုင်းရွိုက်ဂလင်းကို ဟော်မုန်းပိုထုတ်ဖို့ လှုံ့ဆော်ပေးခြင်းကြောင့် သိုင်းရွိုက်ဂလင်း ကြီးလာပြီး လည်ပင်းကြီးရောဂါ ဖြစ်စေပါတယ်။Hashimoto’s disease (ဟာရှီမိုတို ရောဂါ) လိုမျိုး ကိုယ်ခံအားစနစ်ကြောင့် ဖြစ်တဲ့ရောဂါတွေနဲ့ တခြားရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

  • သိုင်းရွိုက်ဂလင်း ရောင်ခြင်း 

သိုင်းရွိုက်ဂလင်းမှာ ရောင်ရမ်းမှုဖြစ်ရင်လည်း လည်ပင်းကြီးရောဂါ ဖြစ်နိုင်ပါတယ်။ဗိုင်းရပ်စ်ပိုးဝင်တာ၊ ဘက်တီးရီးယားပိုးဝင်တာ (သို့) ကိုယ်ခံအားစနစ် ချို့ယွင်းတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

  • သိုင်းရွိုက်ဂလင်း အကျိတ်များ 

သိုင်းရွိုက်ဂလင်းထဲမှာ အကျိတ်တွေ ဖြစ်လာရင်လည်း လည်ပင်းကြီးရောဂါ ဖြစ်နိုင်ပါတယ်။အကျိတ်တွေက ကင်ဆာမဟုတ်တဲ့ အကျိတ် (Benign Nodules) နဲ့ ကင်ဆာအကျိတ် (Malignant Nodules) ဆိုပြီး ၂ မျိုးရှိပါတယ်။တချို့အကျိတ်တွေက ဟော်မုန်းကို ပိုထုတ်တဲ့အတွက် လည်ပင်းကြီးရုံတင်မကဘူး၊ Hyperthyroidism ရဲ့ လက္ခဏာတွေကိုပါ ခံစားရနိုင်ပါတယ်။

  • ကိုယ်ဝန်ဆောင်ခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်က သိုင်းရွိုက်ဟော်မုန်းကို ပိုလိုအပ်တဲ့အတွက် သိုင်းရွိုက်ဂလင်းက ကြီးလာနိုင်ပါတယ်။များသောအားဖြင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ လည်ပင်းကြီးတာက ကလေးမွေးပြီးရင် ပြန်ကောင်းသွားတတ်ပါတယ်။

  • ဆေးဝါးများ

တချို့ဆေးဝါးတွေ သောက်ရင်လည်း သိုင်းရွိုက်ဂလင်း ကြီးလာနိုင်ပါတယ်။

  • မျိုးရိုးဗီဇ

မိသားစုထဲမှာ လည်ပင်းကြီးရောဂါဖြစ်ဖူးတဲ့သူရှိရင် ကိုယ်လည်း ဖြစ်နိုင်ချေ ပိုများပါတယ်။

လည်ပင်းကြီးရောဂါရဲ့ လက္ခဏာများ

လည်ပင်းကြီးရောဂါရဲ့ လက္ခဏာတွေက ရောဂါရဲ့ အမျိုးအစား၊ ပြင်းထန်မှုနဲ့ အကြောင်းရင်းတွေပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ တချို့လူတွေမှာ ဘာလက္ခဏာမှ မပြပေမယ့် တချို့လူတွေမှာတော့ အောက်ပါလက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

  • လည်ပင်းမှာ အဖု (သို့) အကျိတ် ထွက်လာတာ
  • လည်ပင်း ရောင်ရမ်းတာ (သို့) တင်းကျပ်နေသလို ခံစားရတာ
  • အသက်ရှူရခက်တာ (သို့) အစာမျိုရခက်တာ
  • အသံပြောင်းတာ (သို့) အသံဝင်တာ
  • ချောင်းဆိုးတာ
  • လည်ပင်းနာကျင်တာ
  • Hyperthyroidism (သိုင်းရွိုက်ဟော်မုန်းများခြင်း) ဖြစ်ရင် – စိတ်တိုလွယ်တာ၊ စိုးရိမ်ပူပန်တာ၊ အိပ်မပျော်တာ၊ လက်တုန်တာ၊ နှလုံးခုန်မြန်တာ၊ ကိုယ်အလေးချိန်ကျတာ၊ ချွေးထွက်များတာ၊ အားနည်းတာ
  • Hypothyroidism  (သိုင်းရွိုက်ဟော်မုန်းနည်းခြင်း)  ဖြစ်ရင် – အားနည်းတာ၊ မောပန်းလွယ်တာ၊ ကိုယ်အလေးချိန်တက်တာ၊ အသားအရေ ခြောက်သွေ့တာ၊ အအေးဒဏ် မခံနိုင်တာ၊ စိတ်ဓာတ်ကျတာ၊ မှတ်ဉာဏ် မကောင်းတာ စတဲ့လက္ခဏာတွေတွေ့ရနိုင်ပါတယ်။ 

လည်ပင်းကြီးရောဂါကို ဘယ်လိုကုသနိုင်မလဲ

လည်ပင်းကြီးရောဂါကို ကုသတာက ရောဂါရဲ့ အမျိုးအစား၊ ပြင်းထန်မှုနဲ့ အခြားအကြောင်းရင်းတွေပေါ် မူတည်ပါတယ်။ 

တချို့တွေမှာ လည်ပင်းကြီးတာက သေးသေးလေးပဲဖြစ်ပြီး ဘာလက္ခဏာမှ မပြရင် ကုသစရာ မလိုဘဲ ပုံမှန်စောင့်ကြည့်လေ့လာရုံနဲ့ ရပါတယ်။ဆရာဝန်နဲ့ ပုံမှန်ပြပြီး စစ်ဆေးမှုတွေ လုပ်ဖို့တော့ လိုအပ်ပါတယ်။

  • Hypothyroidism ကြောင့် လည်ပင်းကြီးရောဂါ ဖြစ်ရင် သိုင်းရွိုက်ဟော်မုန်းကို ပြန်ဖြည့်တင်းပေးတဲ့ ဆေးတွေကို သောက်ရပါမယ်။
  • Hyperthyroidism ကြောင့် လည်ပင်းကြီးရောဂါဖြစ်ရင် သိုင်းရွိုက်ဟော်မုန်းကို ထိန်းချုပ်ပေးတဲ့ ဆေးတွေကို သောက်ရနိုင်ပါတယ်။ Radioactive Iodine Therapy (ရေဒီယိုသတ္တိကြွ အိုင်အိုဒင်း) နဲ့လည်း ကုသမှုခံယူနိုင်ပါတယ်။ 
  • သိုင်းရွိုက်ရောင်ရမ်းတာ (Thyroiditis) ဖြစ်ရင် ရောင်ရမ်းတာ သက်သာအောင် ဆေးတွေ သောက်ရနိုင်ပါတယ်။
  • လည်ပင်းကြီးတာက အရမ်းကြီးပြီး အသက်ရှူရခက်တာ (သို့) အစာမျိုရခက်တာတွေ ဖြစ်ရင် ခွဲစိတ်ကုသဖို့ လိုအပ်နိုင်ပါတယ်။
  • ကင်ဆာအကျိတ်တွေ ရှိရင်လည်း ခွဲစိတ်ကုသဖို့ လိုအပ်ပါတယ်။
  • ခွဲစိတ်ပြီး သိုင်းရွိုက်ဂလင်း တစ်ခုလုံးကိုဖြစ်ဖြစ်၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်ဖြစ် ဖယ်ရှားနိုင်ပါတယ်။

လည်ပင်းကြီးရောဂါရဲ့ လက္ခဏာတွေ ခံစားရရင် (သို့) သိုင်းရွိုက်ရောဂါ ဖြစ်နိုင်တယ်လို့ သံသယရှိရင် ဆရာဝန်နဲ့ ချက်ချင်းပြသပြီး စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။ စောစောသိပြီး ကုသရင် ရောဂါပိုဆိုးတာကို ကာကွယ်နိုင်ပါတယ်။

Similar Posts