အမျိုးသားချင်း လိင်ဆက်ဆံခြင်းနဲ့ HIV
| |

အမျိုးသားချင်း လိင်ဆက်ဆံခြင်းနဲ့ HIV

အမျိုးသားချင်း လိင်ဆက်ဆံခြင်းက HIV အပါအဝင် လိင်ကတဆင့်ကူးစက်နိုင်တဲ့ရောဂါများဖြစ်နိုင်ခြေကို ပိုများစေတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ မှန်ကန်တဲ့ ကာကွယ်မှုနည်းလမ်းတွေကို အသုံးပြုခြင်းအားဖြင့် ရောဂါကူးစက်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ 

HIV ဆိုတာဘာလဲ

 “Human Immunodeficiency Virus ခုခံအားကျဆင်းမှု ဗိုင်းရပ်စ်ပိုး” လို့ ခေါ်ပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို တိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုး ဖြစ်ပါတယ်။ HIV ပိုးဝင်ရောက်လာတဲ့အခါ ခုခံအားစနစ်ကို ဖြည်းဖြည်းချင်း အားနည်းသွားစေပြီး ရောဂါတွေ အလွယ်တကူ ကူးစက်ခံရနိုင်ပါတယ်။

အမျိုးသားချင်း လိင်ဆက်ဆံခြင်းကနေ HIV ဘယ်လိုကူးနိုင်လဲ 

အဓိကအားဖြင့် အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းကြောင့် ကူးစက်ခံရနိုင်တာကို သတိပြုမိဖို့ အရေးကြီးပါတယ်။ 

  • စအိုလမ်းကြောင်းမှ လိင်ဆက်ဆံခြင်း: စအိုလမ်းကြောင်းဟာ အမျိုးသမီးများရဲ့ မိန်းမကိုယ်နဲ့မတူဘဲ အတွင်းသားနူးညံ့ပြီး ထိခိုက်လွယ်တဲ့အတွက် လိင်ဆက်ဆံတဲ့အခါ သွေးထွက်လွယ်ပြီး HIV ကူးစက်နိုင်ခြေ ပိုများပါတယ်။
  • ကွန်ဒုံးကို မှန်ကန်စွာ မသုံးခြင်း: ကွန်ဒုံးကို မှန်ကန်စွာ မသုံးရင် သို့မဟုတ် ကွန်ဒုံးပေါက်ပြဲသွားရင် HIV ကူးစက်နိုင်ခြေ ရှိပါတယ်။
  • လိင်ဆက်ဆံဖော်များခြင်း: လိင်ဆက်ဆံဖော်များလေ HIV ကူးစက်နိုင်ခြေ မြင့်မားလေဖြစ်တယ်ဆိုတာကို သိထားသင့်ပါတယ်။ 
  • လိင်အင်္ဂါမှာ အနာရှိခြင်း : လိင်အင်္ဂါမှာ အနာရှိတဲ့အခါ HIV ပိုး ဝင်ရောက်ဖို့ ပိုလွယ်ကူပါတယ်။ 
  • HIV ပိုးရှိသူနဲ့ လိင်ဆက်ဆံခြင်း: HIV ပိုးရှိသူနဲ့ လိင်ဆက်ဆံရင် HIV ကူးစက်နိုင်ခြေ မြင့်မားပါတယ်။
  • မူးယစ်ဆေးဝါး သုံးစွဲခြင်း: မူးယစ်ဆေးဝါး သုံးစွဲတာက ဆုံးဖြတ်ချက်ချနိုင်စွမ်းကို လျော့ကျစေပြီး အကာအကွယ်မဲ့ လိင်ဆက်ဆံမိဖို့ ပိုလွယ်ကူစေပါတယ်။

လိင်ဆက်ဆံပြီးနောက် ဘယ်လို လက္ခဏာ‌တွေပေါ်လာရင် HIV စစ်ဆေးမှု ခံယူသင့်လဲ 

  • ခန္ဓာကိုယ်မှာ အဖုအပိမ့်တွေ ထွက်တာခြင်း ၊ အနီကွက်တွေ ပေါ်လာခြင်း 
  • ပါးစပ်ထဲမှာ အနာတွေ၊ အဖြူကွက်တွေ ပေါ်လာခြင်း 
  • လိင်အင်္ဂါ ဒါမှမဟုတ် ခံတွင်းမှာ ရေယုန်ပေါက်ခြင်း 
  • ဝမ်းလျှောခြင်း
  • အစာစားချင်စိတ် လျော့နည်းလာခြင်း ဒါမှမဟုတ် အစားအသောက်ကို လုံးဝမစားချင်ခြင်း 
  • အကြောင်းမဲ့ ကိုယ်အလေးချိန် ကျဆင်းလာခြင်း 
  • ညဘက် ချွေးထွက်လွန်ခြင်း
  • လက်တွေ၊ ခြေတွေ ထုံကျင်ခြင်း ဒါမှမဟုတ် အားနည်းခြင်း 
အမျိုးသားချင်း လိင်ဆက်ဆံခြင်းနဲ့ HIV

အမျိုးသားချင်း လိင်ဆက်ဆံခြင်းကနေ HIV ကူးစက်မခံရအောင် ဘယ်လိုလုပ်ရမလဲ 

  • ကွန်ဒုံးကို မှန်ကန်စွာ အသုံးပြုပါ။

ကွန်ဒုံးကို လိင်ဆက်ဆံမှု မစခင်ကတည်းက စွပ်ပြီး လိင်ဆက်ဆံမှု ပြီးဆုံးတဲ့အထိ အသုံးပြုပါ။ ကွန်ဒုံးသက်တမ်းကုန်ရက် မကျော်လွန်စေဖို့ သေချာစစ်ဆေးပါ။ ချောဆီကို အသုံးပြုတာက ကွန်ဒုံးကို မပေါက်ပြဲအောင် ကာကွယ်ပေးနိုင်ပါတယ်။

  • လိင်ဆက်ဆံဖော်ကို သတိပြုပါ။ 

မိမိရဲ့ လိင်ဆက်ဆံဖော်မှာ လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေ ရှိမရှိ သိရအောင် ဆေးစစ်ခိုင်းပါ။ ဖြစ်နိုင်ပါက လိင်ဆက်ဆံဖော်မများအောင် သတိထားပါ။ 

  • လိုအပ်တဲ့ဆေးစစ်မှုတွေလုပ်ပါ။

လိင်ဆက်ဆံဖူးတယ်ဆိုရင် ကျန်းမာရေးစစ်ဆေးမှုများကို ပုံမှန်ပြုလုပ်သင့်ပါတယ်။စောစောသိပြီး ကုသမှုခံယူခြင်းက နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်ပေးနိုင်ပါတယ်။

  • Pre-exposure Prophylaxis (PrEP) သောက်သုံးပါ။ 

PrEP ဆိုတာ HIV ကူးစက်နိုင်ခြေမြင့်မားသူတွေအတွက် နေ့စဉ်သောက်သုံးနိုင်တဲ့ ဆေးဖြစ်ပါတယ်။

PrEP ဆေးကို မှန်မှန်သောက်သုံးခြင်းအားဖြင့် HIV ကူးစက်နိုင်ခြေကို ၉၀% ကျော် လျှော့ချနိုင်ပါတယ်။

PrEP ဆေးသောက်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဖို့တော့ လိုအပ်ပါတယ်။ 

  • Post-exposure Prophylaxis (PEP) သောက်သုံးပါ။ 

PEP ဆိုတာ HIV ပိုးနဲ့ ထိတွေ့ပြီးနောက် (ဥပမာ – ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံမိတဲ့အခါ) သောက်သုံးရတဲ့ဆေးဖြစ်ပါတယ်။PEP ဆေးကို HIV ပိုးနဲ့ ထိတွေ့ပြီး ၇၂ နာရီအတွင်း စတင်သောက်သုံးရင် HIV ကူးစက်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။PEP ဆေးကို ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သုံးသင့်ပါတယ်။

  • လိင်ဆက်ဆံမှုကို ရှောင်ကြဉ်ပါ။

လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်တာဟာ HIV ကူးစက်နိုင်ခြေကို အထိရောက်ဆုံး ကာကွယ်နိုင်တဲ့နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

အမျိုးသားချင်း အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးနောက်မှာ HIV ကူးစက်ခံရနိုင်ခြေ မြင့်မားတဲ့အခြေအနေမှာ ရှိတယ်လို့ ထင်ရရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး စစ်ဆေးမှုတွေ လုပ်သင့်သလို Post-exposure Prophylaxis (PEP) ဆေးကို သောက်သုံးဖို့ လိုမလို ဆွေးနွေးသင့်ပါတယ်။သင့်ရဲ့ကျန်းမာရေးကို ဂရုစိုက်ပြီး လုံခြုံစိတ်ချစွာ လိင်ဆက်ဆံမှုခြင်းဖြင့် ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါစေ။

Similar Posts