ကော်လဂျင်သောက်ဖို့ တကယ်လိုရဲ့လား
| |

ကော်လဂျင်သောက်ဖို့ တကယ်လိုရဲ့လား

ဆိုရှယ်မီဒီယာတွေမှာ ကြေငြာအားကောင်းကောင်းနဲ့ ခေတ်စားလာတဲ့ ကော်လဂျင်ဖြည့်စွက်စာတွေက တကယ်ပဲ အကျိုးကျေးဇူးများပြီး သောက်သုံးသင့်တာလား။ ကော်လဂျင်ဆိုတာဘာလဲ၊ ကော်လဂျင်ဘာလို့လိုလဲ၊ ဖြည့်စွက်သောက်သုံးဖို့ရော သင့်မသင့်ဆိုတာကို ပြောပြပေးချင်ပါတယ်။ 

ကော်လဂျင်ဆိုတာ  အရေပြား၊ အရိုး၊ ကြွက်သား၊ အရွတ်တွေနဲ့ တခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ အဓိကပါဝင်တဲ့ ပရိုတင်းဓာတ်တစ်မျိုးဖြစ်ပါတယ်။။ ကော်လဂျင်ဟာ အရေပြားကို တင်းရင်းစေပြီး အရေးအကြောင်းတွေကို လျော့ပါးစေတဲ့အပြင် အရိုးအဆစ်တွေကိုလည်း သန်မာစေပါတယ်။

ကော်လဂျင်က ဘယ်လိုအရေးပါလဲ။  

  • အရေပြားရဲ့ တင်းရင်းမှု၊ စိုပြေမှုနဲ့ အရေးအကြောင်းကင်းစင်မှုအတွက် ကော်လဂျင်က အရေးပါပါတယ်။ 
  • အရိုးနဲ့ အရွတ်တွေကို သန်မာစေပြီး အဆစ်အမြစ်တွေရဲ့ လှုပ်ရှားမှုကို အထောက်အကူပြုပါတယ်။
  • ဆံပင်နဲ့ လက်သည်းတွေကိုလည်း ကျန်းမာသန်စွမ်းစေပါတယ်။ 
  • အူလမ်းကြောင်း ကျန်းမာရေးနဲ့ ကြွက်သားတွေကိုလည်း အားဖြည့်ပေးနိုင်ပါတယ်။

ကော်လဂျင်မလုံလောက်ရင် ဘာတွေဖြစ်လာနိုင်လဲ။ 

အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓာကိုယ်တွင်းက ကော်လဂျင်ထုတ်လုပ်မှု လျော့နည်းလာတတ်တဲ့အတွက် အသားအရေ ခြောက်သွေ့လာခြင်း၊ အရေးအကြောင်းများလာခြင်း၊ အသားအရေလျော့တွဲလာခြင်း၊ အဆစ်အမြစ်တွေ နာကျင်ကိုက်ခဲခြင်း၊ ရောင်ရမ်းခြင်း စတာတွေ ခံစားရနိုင်ပါတယ်။ 

ကော်လဂျင်သောက်ဖို့ တကယ်လိုရဲ့လား

ကော်လဂျင်ကို ဘယ်လိုရရှိနိုင်လဲ။

ကော်လဂျင်ကို ခန္ဓာကိုယ်က သဘာဝအတိုင်း ထုတ်လုပ်ပေးနိုင်သလို အစားအသောက်တွေကနေလည်း ရရှိနိုင်ပါတယ်။ ဥပမာ – အရိုးပြုတ်ရည်၊ ငါး၊ ကြက်သား၊ ဥနဲ့ ပဲအမျိုးမျိုး  ဒါပေမဲ့ အစားအသောက်တွေကနေ ရရှိတဲ့ ကော်လဂျင်ဓာတ်ဟာ ခန္ဓာကိုယ်က အလွယ်တကူ စုပ်ယူနိုင်ဖို့ ခက်ခဲတတ်ပါတယ်။ ဒါကြောင့်လည်း ခန္ဓာကိုယ်က ပိုမိုလွယ်ကူစွာ စုပ်ယူနိုင်တဲ့ ကော်လဂျင်ဖြည့်စွက်စာတွေကို သောက်သုံးမှု များပြားလာကြပါတယ်။ ကော်လဂျင် ဖြည့်စွက်စာတွေဟာ အမှုန့်ပုံစံ၊ ဆေးတောင့်ပုံစံ၊ အရည်ပုံစံတွေနဲ့ ရရှိနိုင်ပါတယ်။ 

ကော်လဂျင်သောက်သုံးဖို့ လိုအပ်မလိုအပ်ဆိုတာကို လူတစ်ဦးချင်းစီရဲ့ ကျန်းမာရေးအခြေအနေနဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး ဆုံးဖြတ်သင့်ပါတယ်။

  • အသက်အရွယ်: အသက် ၃၀ ကျော်လာတာနဲ့အမျှ ခန္ဓာကိုယ်က ကော်လဂျင်ထုတ်လုပ်မှု လျော့နည်းလာတာကြောင့် အသားအရေနဲ့ အရိုးအဆစ် ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုအချိန်မှာ ကော်လဂျင် ဖြည့်စွက်စာ သောက်သုံးခြင်းက အထောက်အကူဖြစ်နိုင်ပါတယ်။
  • အသားအရေပြဿနာ: အသားအရေ ခြောက်သွေ့ခြင်း၊ အရေးအကြောင်းထင်ခြင်း၊ အသားအရေလျော့တွဲခြင်း စတဲ့ ပြဿနာတွေရှိသူတွေအတွက် ကော်လဂျင် ဖြည့်စွက်စာက အကျိုးရှိနိုင်ပါတယ်။
  • အရိုးအဆစ်ပြဿနာ: အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်း၊ ရောင်ရမ်းခြင်း စတဲ့ ပြဿနာတွေရှိသူတွေအတွက်လည်း ကော်လဂျင် ဖြည့်စွက်စာက အထောက်အကူဖြစ်နိုင်ပါတယ်။
  • အစားအသောက်: အစားအသောက်ကို မျှတအောင် မစားသုံးနိုင်သူတွေအနေနဲ့လည်း ကော်လဂျင် ဖြည့်စွက်စာကို သောက်သုံးနိုင်ပါတယ်။

ကော်လဂျင်သောက်သုံးခြင်းရဲ့ ဘေးထွက်ဆိုးကျိုး

ကော်လဂျင် ဖြည့်စွက်စာတွေဟာ ယေဘုယျအားဖြင့် ဘေးထွက်ဆိုးကျိုးနည်းပါးပေမဲ့ အချို့လူတွေမှာ ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ လေပွခြင်း၊ ရင်ပူခြင်းနဲ့ အခြားသော မတည့်မှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့် ကော်လဂျင်သောက်သုံးပြီးတဲ့အခါ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုကို ဂရုတစိုက်စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

ကော်လဂျင် ဖြည့်စွက်စာ သောက်သုံးခြင်းဟာ အသားအရေနဲ့ အရိုးအဆစ် ကျန်းမာရေးအတွက် အထောက်အကူဖြစ်နိုင်ပေမယ့် မိမိလိုအပ်ချက်နဲ့ ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး သောက်သုံးသင့်မသင့် သေချာဆုံးဖြတ်သင့်ပါတယ်။

Similar Posts