ခန္ဓာကိုယ်မှာပေါက်တဲ့ဝက်ခြံ
| | |

ခန္ဓာကိုယ်မှာပေါက်တဲ့ဝက်ခြံ

ဝက်ခြံဆိုတာ အရေပြားပေါ်မှာ အဆီဂလင်းတွေနဲ့ ချွေးပေါက်တွေ ပိတ်ဆို့ပြီး ရောင်ရမ်းလာတဲ့ အခြေအနေတစ်ခုပါ။ ဝက်ခြံတွေဟာ မျက်နှာမှာ အများဆုံးပေါက်တတ်ပေမယ့် ရင်ဘတ်၊ နောက်ကျောနဲ့ ပခုံးတွေလို ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ပေါက်နိုင်ပါတယ်။ 

ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ဝက်ခြံပေါက်ရတဲ့ အကြောင်းအရင်းများ

  • အဆီဂလင်းများမှ အဆီပိုထွက်ခြင်း

အရေပြားပေါ်က အဆီဂလင်းတွေက အဆီတွေ လိုတာထက်ပိုထွက်လာတဲ့အခါ ချွေးပေါက်တွေပိတ်ဆို့ပြီး ဝက်ခြံဖြစ်စေနိုင်ပါတယ်။

  • ချွေးပေါက်ပိတ်ဆို့ခြင်း 

အဆီတွေအပြင် အရေပြားဆဲလ်သေတွေ၊ ဖုန်မှုန့်တွေနဲ့ အညစ်အကြေးတွေကလည်း ချွေးပေါက်တွေကို ပိတ်ဆို့စေနိုင်ပါတယ်။ ဒီလိုပိတ်ဆို့တဲ့အခါ ဘက်တီးရီးယားပိုးတွေ ဝင်ရောက်ပြီး ဝက်ခြံဖြစ်စေနိုင်ပါတယ်။

  • ဘက်တီးရီးယားပိုးများ 

Propionibacterium acnes (ပရိုပီရိုနီ ဘက်တီးရီးယား အက်နီ) လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးတစ်မျိုးက ချွေးပေါက်တွေပိတ်ဆို့တဲ့အခါ ပွားများလာပြီး ဝက်ခြံရောင်ရမ်းခြင်းကို ဖြစ်စေပါတယ်။

  • ဟော်မုန်းအပြောင်းအလဲများ

 ဆယ်ကျော်သက်အရွယ်မှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဝက်ခြံပိုဖြစ်လေ့ရှိပါတယ်။ အမျိုးသမီးတွေမှာလည်း ရာသီလာချိန်နဲ့ ကိုယ်ဝန်ဆောင်ချိန်တွေမှာ ဝက်ခြံပိုဖြစ်တတ်ပါတယ်။

  • မျိုးရိုးဗီဇ (Genetics)

မိသားစုထဲမှာ ဝက်ခြံဖြစ်လွယ်တဲ့သူတွေရှိရင် သင်ကိုယ်တိုင်လည်း ဝက်ခြံဖြစ်နိုင်ခြေ ပိုများပါတယ်။

  • စိတ်ဖိစီးမှု (Stress)

စိတ်ဖိစီးမှုက ဟော်မုန်းတွေကို ပြောင်းလဲစေပြီး အဆီပိုထွက်စေလို့ ဝက်ခြံပိုထွက်စေပါတယ်။ 

  • အချို့သော ဆေးဝါးများ 

အချို့သော စတီးရွိုက်ဆေးဝါးတွေနဲ့ အခြားဆေးဝါးတွေကလည်း ဝက်ခြံကို ဖြစ်စေနိုင်ပါတယ်။

  • အချို့သော အစားအစာများ 

နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ အဆီအစိမ့်များတဲ့ အစားအစာတွေ၊ သကြားပါဝင်မှုများတဲ့ အစားအစာတွေကလည်း ဝက်ခြံဖြစ်စေနိုင်တယ်လို့ ဆိုကြပါတယ်။

ခန္ဓာကိုယ်မှာပေါက်တဲ့ဝက်ခြံ

ခန္ဓာကိုယ်မှာပေါက်တဲ့ ဝက်ခြံတွေကို ဘယ်လိုကုသရမလဲ

  • ဆရာဝန်ညွှန်ကြားတဲ့ လိမ်းဆေးတွေကို ပုံမှန်လူးပေးနိုင်ပါတယ်။ 
  •  ဝက်ခြံက ပြင်းထန်တဲ့အခြေအနေမှာဆိုရင် ဆရာဝန်က သောက်သုံးနိုင်မယ့်ဆေးဝါးအချို့ကို ညွန်ကြားပေးနိုင်ပါတယ်။ 
  • အလှအပဆိုင်ရာ ကုထုံးများဖြစ်တဲ့ Chemical Peeling (ဓာတုဗေဒနည်းအားဖြင့် အရေပြားအပေါ်ယံဆဲလ်အသေအလွှာကို ခွာချခြင်း) ၊ Microdermabrasion (စက်ဖြင့် အရေပြားအပေါ်ယံဆဲလ်အသေအလွှာကို ဖယ်ရှားပေးခြင်း) နဲ့ လေဆာကုသမှုတွေကို တတ်ကျွမ်းသူများနဲ့ သေချာတိုင်ပင်ပြီး ကုသမှုခံယူနိုင်ပါတယ်။ 

ခန္ဓာကိုယ်မှာ ဝက်ခြံမပေါက်အောင် ဘယ်လိုကာကွယ်ရမလဲ

  • ချွေးထွက်ပြီးတိုင်း သို့မဟုတ် လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ရေချိုးပေးပါ။ 
  • ချွေးစိုနေတဲ့ အဝတ်အစားတွေကို ချက်ချင်းလဲပါ။။
  • အဆီမပါတဲ့၊ ချွေးပေါက်မပိတ်စေတဲ့ အလှကုန်ပစ္စည်းတွေကို သုံးပါ
  • တင်းကျပ်တဲ့ အဝတ်အစားတွေကို ရှောင်ပါ 
  • လက်နဲ့ ခန္ဓာကိုယ်က ဝက်ခြံတွေကို မကိုင်ပါနဲ့။
  • အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ အများကြီးပိုစားသုံးပါ။ 
  • အဆီအစိမ့်များတဲ့ အစားအစာတွေနဲ့ သကြားပါဝင်မှုများတဲ့ အစားအစာတွေကို ရှောင်ကြဉ်ပါ။
  • စိတ်ဖိစီးမှုကို လျှော့ချဖို့ လေ့ကျင့်ခန်းလုပ်ခြင်း၊ တရားထိုင်ခြင်းနဲ့ စိတ်အပန်းဖြေခြင်းတွေ လုပ်ဆောင်ပေးပါ။
  • နေရောင်ခြည်က ဝက်ခြံကို ပိုဆိုးစေနိုင်တဲ့အတွက် နေရောင်ခြည်ကို တိုက်ရိုက်မထိတွေ့အောင် ရှောင်ပါ။ 

ဝက်ခြံနဲ့ပတ်သက်လို့ အရေးတကြီး လိုက်နာသင့်တဲ့ အချက်များ

  • ဝက်ခြံကို ကိုယ့်ဘာသာကုသတာထက် အရေပြားဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ကုသတာ အကောင်းဆုံးဖြစ်ပါတယ်။
  • ဝက်ခြံကို ညှစ်တာ၊ ဖိတာမျိုးတွေ မလုပ်ပါနဲ့။ ဒီလိုလုပ်ရင် ဝက်ခြံပိုဆိုးလာပြီး အမာရွတ်တွေ ကျန်ခဲ့နိုင်ပါတယ်။
  • ဆေးဝါးတွေနဲ့ ကုသမှုတွေက ချက်ချင်းရလဒ်မပြနိုင်လို့ ဆေးမြီးတိုတွေ မသုံးဘဲ စိတ်ရှည်ရှည်နဲ့ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာပြီး ကုသပေးပါ။

ဝက်ခြံဟာ ကုသဖို့ ခက်ခဲပေမယ့် မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ စနစ်တကျ ကုသမယ်ဆိုရင် သက်သာပျောက်ကင်းနိုင်ပါတယ်။ အထက်မှာပြောခဲ့တဲ့ ကာကွယ်နည်းတွေနဲ့ ကုသနည်းတွေကို လိုက်နာပြီး ဝက်ခြံကင်းစင်တဲ့ ကျန်းမာတဲ့အသားအရေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Similar Posts