သင့်ကလေးက ဖုန်းမကြည့်ရရင် အော်ဟစ်ငိုယိုဂျီကျတတ်နေပြီလား
ဖုန်းမကြည့်ရရင် အော်ဟစ်ငိုယိုဂျီကျ နေရင်တောင်မှ ကလေးလက်ထဲကို ဖုန်းမပေးလိုက်သင့်ပါဘူးနော်။
တစ်နေ့ကို (၄) နာရီနဲ့အထက် Screen -Time များနေတဲ့ အသက်တစ်နှစ်အောက်ကလေးတွေဟာ စကားစပြောဖို့နှေးတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုတွေထိခိုက်နိုင်ပါတယ်။ ခြေလက်လေးတွေကအစ သန်စွမ်းမလာပဲ ချိနဲ့ပြီး မူကြိုစတက်တဲ့အရွယ်ရောက်တဲ့အခါ ရွယ်တူကလေးတွေနဲ့ ပေါင်းသင်းဆက်ဆံရေးပြဿနာတက်တာ၊ စာကောင်းကောင်းမသင်နိုင်တာ၊ ပျော်ရွှင်စွာမဆော့နိုင်တာ၊ အပြုံးအရယ်နည်းတာတွေဖြစ်လာနိုင်ပါတယ်။
အသက်တစ်နှစ်အောက်အရွယ်သာမကပါဘူး။ ဆယ်ကျော်သက်အရွယ်လောက်အထိ Screen Time များတဲ့ကလေးငယ်တွေဟာ အမြင်အာရုံအားနည်းတာ၊ လေးလံထိုင်းမှိုင်းတာ၊ အအိပ်ပျက်တာ၊ အစားပျက်တာ၊ မှတ်ဉာဏ်အားနည်းတာအပြင် စိတ်ဓာတ်ကျခြင်း၊ ပူပင်သောကရောက်ခြင်းတို့လို စိတ်ပိုင်းဆိုင်ရာအထိ ထိခိုက်နိုင်ပါတယ်။
ဒါကြောင့် ကလေးအရွယ်အလိုက် ကျပ်မတ်ထားသင့်တဲ့ Screen -Time ကိုဖော်ပြပေးလိုက်ရပါတယ်။ အသက် (၁၈) လအောက်- လုံးဝ ဖုန်းကြည့်ခွင့်မပေးသင့်ပါ။
(၁၈- ၂၄) လအရွယ် – ဖုန်းထဲက၊ TV ထဲက ရုပ်ပုံလေးတွေကို ကြိုကြားကြိုကြားပြတာ၊ ခဏတဖြုတ်ပြတာလောက်ပဲ လုပ်သင့်ပါသေးတယ်။
(၂-၅) နှစ် – တစ်နေ့ကို တစ်နာရီလောက် ဖုန်းကြည့်ခိုင်းလို့ရပါတယ်။ ဒါပေမဲ့ ကြည်လင်ပြတ်သားတဲ့ရုပ်သံကိုသာပြသင့်ပြီး အနီးကပ်ကြည့်ခိုင်းတာမျိုးမလုပ်ရပါဘူး။
(၆-၁၂) နှစ် – အိပ်ချိန်၊ စားချိန်၊ ကစားချိန်တို့ အတိအကျသတ်မှတ်ထားပြီး ကျန်တဲ့အချိန်ထဲက အနည်းငယ်ကိုသာ ဖုန်းပေးကြည့်သင့်ပါတယ်။ အကြာကြီးကြည့်ခိုင်းထားတာမျိုး၊ ညအိပ်ခါနီးကြည့်ခိုင်းတာမျိုး၊ အစားစားချိန်ကြည့်ခိုင်းတာမျိုးတော့ မလုပ်သင့်ပါဘူး။
မိဘအများစုကြုံတွေ့ရတာက TV ကြည့်တာထက် ဖုန်း၊ Tablet တို့နဲ့ ကြည့်ချင်တာမျိုးဖြစ်တာကြောင့် ဒါကို လျှော့ချနိုင်ဖို့အတွက်
ကလေးနဲ့အတူ TV ကြည့်ပေးတာ
ဝါသနာပါလောက်မဲ့ အခြားအရာလေးတွေ သင်စေတာ
ကလေးရှေ့မှာ ဘယ်သူ့ကိုမှ ဖုန်းကြည့်၊ TV ကြည့်ရင်း ထမင်းမစားခိုင်းတာ
ဖုန်းကြည့်ဖို့ အချိန်တစ်ခုသီးသန့်သတ်မှတ်ပေးထားတာ
ပြင်ပမှာ ကစားစေတာ စတဲ့နည်းလမ်းတွေနဲ့ ထိန်းကျောင်းပေးနိုင်ပါတယ်နော်။