ဟော်မုန်းမညီမျှမှုကြောင့် ကိုယ်အလေးချိန်တက်ခြင်း
|

ဟော်မုန်းမညီမျှမှုကြောင့် ကိုယ်အလေးချိန်တက်ခြင်း

ကိုယ်အလေးချိန်တက်ခြင်းက လိုတာထက်ပိုစားမိလို့၊ ကိုယ်လက်လှုပ်ရှားမှုနည်းလို့ အစရှိသဖြင့် အကြောင်းရင်းများစွာရှိပေမဲ့ လူအများသိပ်သတိမထားမိတဲ့ အကြောင်းအရာတစ်ခုရှိပါတယ်။ ဒါကတော့ ဟော်မုန်းမညီမျှမှုပဲ ဖြစ်ပါတယ်။ 

ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းအမျိုးအစားများစွာရှိပြီး  အချို့ဟော်မုန်းတွေ မမျှတတဲ့အခါ  ကိုယ်အလေးချိန်တက်ခြင်းအပေါ် သက်ရောက်မှုရှိပါတယ်။ 

ကိုယ်အလေးချိန်တက်ခြင်းနဲ့ ဆက်နွယ်နေတဲ့ ဟော်မုန်းမညီမျှမှုများ 

  • အင်ဆူလင် (Insulin) ဟော်မုန်းကို ခန္ဓာကိုယ်မှ ကောင်းစွာ မတုံ့ပြန်နိုင်ခြင်း 

Insulin resistance လို့ခေါ်တဲ့ အင်ဆူလင်ဟော်မုန်းကို ခန္ဓာကိုယ်က ကောင်းစွာမတုံ့ပြန်နိုင်တဲ့အခါ သွေးထဲမှာ သကြားဓာတ်တွေ များလာပြီး အဆီအဖြစ်ပြောင်းလဲသွားတဲ့အတွက် ကိုယ်အလေးချိန်တက်စေနိုင်ပါတယ်။ အထူးသဖြင့် ဆီးချိုရောဂါရှိသူတွေမှာ အင်ဆူလင်နဲ့ ပတ်သက်တဲ့ ပြဿနာကြောင့် ကိုယ်အလေးချိန်တက်တာကို တွေ့ရတတ်ပါတယ်။

  • ကော်တီစော (Cortisol) ဟော်မုန်းများခြင်း 

စိတ်ဖိစီးမှုကို တုံ့ပြန်ဖို့အတွက် ခန္ဓာကိုယ်က ထုတ်ပေးလေ့ရှိတဲ့ ကော်တီစောဟော်မုန်းက အချိန်ကြာမြင့်စွာ မြင့်နေတဲ့အခါ အစာစားချင်စိတ်ကို များစေပြီး အဆီနဲ့သကြားများတဲ့ အစားအစာတွေကို ပိုစားချင်လာစေနိုင်ပါတယ်။ ဒါ့အပြင် ကော်တီစောဟာ ဗိုက်အဆီတွေကိုလည်း စုပုံစေပြီး ကိုယ်အလေးချိန်တက်စေပါတယ်။ စိတ်ဖိစီးမှုများတဲ့သူတွေမှာ ကော်တီစောပမာဏများပြီး ကိုယ်အလေးချိန်တက်တာမျိုး ဖြစ်တတ်ပါတယ်။

  • သိုင်းရွိုက်ဟော်မုန်းမမျှတခြင်း

သိုင်းရွိုက်ဟော်မုန်းပမာဏ နည်းသွားရင် ဇီဝကမ္မဖြစ်စဉ် နှေးကွေးသွားပြီး ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။ ခန္ဓာကိုယ်က စွမ်းအင်ကို သုံးစွဲတာနည်းသွားပြီး အဆီတွေကို စုဆောင်းထားတာကြောင့်ဖြစ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းများတဲ့သူတွေမှာတော့ ကိုယ်အလေးချိန် ကျသွားတတ်ပါတယ်။

  • အီစထရိုဂျင် (Estrogen) နဲ့ တက်စတိုစတီရုန်း (Testosterone) မမျှတခြင်း 

အမျိုးသမီးတွေရဲ့ မျိုးပွားအင်္ဂါအတွက် အဓိကကျတဲ့ အီစတိုဂျင်ဟော်မုန်း ကျဆင်း‌နေရင် ဇီဝကမ္မဖြစ်စဉ်နှေးကွေးသွားပြီး ကိုယ်အလေးချိန် တက်လာတာ၊ ဗိုက်အဆီတွေ စုပုံလာတာမျိုး တွေ့ရတတ်ပါတယ်။ ထိုနည်းတူ အမျိုးသားတွေမှာ အဓိကကျတဲ့ တက်စတိုစတီရုန်းဟော်မုန်း

နည်းသွားတဲ့အခါ ကိုယ်အလေးချိန်တက်လာနိုင်ပြီး   ဝမ်းဗိုက်မှာ အဆီပိုတွေစုလာတတ်ပါတယ်။

  • ဂရယ်လင်နဲ့ လက်ပ်တင် (Ghrelin & Leptin) အစရှိတဲ့ ဆာလောင်မှုဟော်မုန်းများ မမျှတခြင်း 

ဗိုက်ဆာတဲ့အခါမှာ ထွက်လာပြီး အစာစားချင်စိတ်ကို လှုံ့ဆော်ပေးတဲ့ ဂရယ်လင်ဟော်မုန်း ၊ အစာစားပြီးတဲ့အခါ ဗိုက်ပြည့်တယ်လို့ ခံစားရစေတဲ့ လက်ပ်တင်ဟော်မုန်းတွေ မညီမျှတဲ့အခါ အစာစားချင်စိတ်ကို ထိန်းချုပ်ဖို့ ခက်ခဲလာပြီး ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။ အထူးသဖြင့် အိပ်ရေးပျက်တဲ့သူတွေမှာ ဒီဟော်မုန်းတွေ မညီမျှတာကို တွေ့ရပါတယ်။

ဟော်မုန်းမညီမျှမှုကို ဖြစ်စေတဲ့ အကြောင်းရင်းများ

  • အသက်အရွယ် 
  • စိတ်ဖိစီးမှု 
  • အိပ်ရေးပျက်ခြင်း 
  • အစားအသောက် 
  • သိုင်းရွိုက်ရောဂါ၊ ဆီးချိုရောဂါကဲ့သို့ ဟော်မုန်းနဲ့ပတ်သက်တဲ့ ရောဂါများကြောင့် ဟော်မုန်းတွေ မညီမျှဘဲ ကိုယ်အလေးချိန်တက်နိုင်ပါတယ်။ 

ဟော်မုန်းကြောင့် ကိုယ်အလေးချိန်တက်တာကို ဘယ်လိုဖြေရှင်းမလဲ

  • ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ – ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ဟော်မုန်းပမာဏကို စစ်ဆေးပြီး ဆရာဝန်နဲ့ တိုင်ပင်ပါ။ လိုအပ်ရင် ဆေးဝါးနဲ့ ကုသတာမျိုး ဒါမှမဟုတ် အစားအသောက်နဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲဖို့ အကြံပေးပါလိမ့်မယ်။
  • ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာစားပါ – သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို များများစားပေးပါ။ အဆီများတဲ့ အစားအစာနဲ့ သကြားများတဲ့ အစားအစာတွေကို ရှောင်ပါ။
  • ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ – တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ လောက် လေ့ကျင့်ခန်းလုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်ခြင်းက ဟော်မုန်းတွေကို ထိန်းညှိပေးနိုင်ပြီး ကိုယ်အလေးချိန်ကို လျှော့ချဖို့လည်း ကူညီပေးပါတယ်။
  • စိတ်ဖိစီးမှုကို လျှော့ချပါ – ယောဂ၊ တရားထိုင်တာ၊ ဒါမှမဟုတ် ကိုယ်စိတ်နှစ်သက်တဲ့ အရာတွေကို လုပ်ပြီး စိတ်ဖိစီးမှုကို လျှော့ချပါ။
  • အိပ်ရေးဝအောင်အိပ်ပါ – ညအိပ်ချိန်မှာ ၇ နာရီကနေ ၈ နာရီကြာ အိပ်ရေးဝအောင် အိပ်ပါ။

ကိုယ်အလေးချိန်တက်လာရခြင်း အကြောင်းရင်းကို ရှာဖွေတဲ့အခါ ဟော်မုန်းကြောင့်ဖြစ်နေမလားဆိုတာကို ဆန်းစစ်ကြည့်မိဖို့လည်း လိုအပ်ပါတယ်။ ဟော်မုန်းမျှတပြီး ကိုယ်ရောစိတ်ပါကျန်းမာစေဖို့ မှန်ကန်စွာ စားသောက်နေထိုင်ကြဖို့ကိုလည်း အကြံပြုပါရစေ။ 

Similar Posts