အယ်လ်ဇိုင်းမားရောဂါ
| | |

အယ်လ်ဇိုင်းမားရောဂါ

ကမ္ဘာတစ်ဝန်းက သက်ကြီးရွယ်အိုတွေမှာ အဖြစ်အများဆုံး မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါက အယ်လ်ဇိုင်းမားရောဂါပဲ ဖြစ်ပါတယ်။ အထူးသဖြင့် အသက် ၇၅ နှစ်နဲ့အထက် လူကြီးတွေမှာ အဖြစ်များပြီး ကမ္ဘာတစ်ဝန်းက မှတ်ဉာဏ်ချို့ယွင်းသူဦးရေရဲ့ ၆၀-၇၀% ဟာ အယ်လ်ဇိုင်းမားကြောင့် ဖြစ်ပါတယ်။ (source- mayo clinic) 

အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s Disease) ဆိုတာဘာလဲ။ 

အယ်လ်ဇိုင်းမားရောဂါဆိုတာ မှတ်ဉာဏ်နဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကို တဖြည်းဖြည်း ဆုံးရှုံးစေတဲ့ ဦးနှောက်ရောဂါတစ်မျိုးပါ။ အသက်ကြီးလာတဲ့သူတွေမှာ အတွေ့ရများတဲ့ ဒီရောဂါကြောင့် လူနေမှုဘဝကို များစွာထိခိုက်စေနိုင်ကာ ရောဂါအစပျိုးချိန်မှာ သတိမထားမိတတ်ကြပဲအချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်းနဲ့ ပိုဆိုးလာတတ်ပါတယ်။ ဒီရောဂါကို ပကတိပျောက်ကင်းအောင် ကုသနိုင်တဲ့ဆေး မရှိသေးပေမဲ့ ရောဂါလက္ခဏာတွေကို သက်သာအောင်နဲ့ ရောဂါတိုးတက်နှုန်းကို နှေးကွေးအောင် ကုသလို့ရပါတယ်။

အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားရတဲ့ အကြောင်းရင်း

အယ်လ်ဇိုင်းမားရောဂါရဲ့ အဓိကအကြောင်းရင်းကို အတိအကျ မသိသေးပေမဲ့ ဦးနှောက်ထဲမှာ ပရိုတင်းဓာတ်တွေ ပုံမှန်မဟုတ်ဘဲ စုပုံလာခြင်းက အဓိကအကြောင်းရင်းလို့ ယူဆကြပါတယ်။ ဒီပရိုတင်းတွေက အာရုံကြောဆဲလ်တွေကို ပျက်စီးစေပြီး ဦးနှောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို လျော့ကျစေပါတယ်။

အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေတဲ့ အချက်များ 

  • အသက်ကြီးလာတာနဲ့အမျှ ရောဂါဖြစ်နိုင်ခြေ ပိုများလာပါတယ်။ အသက် ၆၅ နှစ်ကျော်ရင် အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေ သိသိသာသာ မြင့်တက်လာပါတယ်။
  • မိသားစုထဲမှာ အယ်လ်ဇိုင်းမားရောဂါဖြစ်ဖူးသူရှိရင် မိမိမှာလည်း ဖြစ်နိုင်ခြေ ပိုများပါတယ်။
  • အချို့သော မျိုးဗီဇပြောင်းလဲမှုတွေက အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။
  • နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါရှိသူတွေမှာ အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။
  • ဦးခေါင်းကို ထိခိုက်မိခြင်း (ဥပမာ – မတော်တဆမှုကြောင့် ဦးခေါင်းကို ထိခိုက်မိခြင်း) ဟာ အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။

အယ်လ်ဇိုင်းမားရောဂါရဲ့ အဆင့် (၃) ဆင့်အလိုက် ခံစားရတတ်တဲ့ လက္ခဏာများ 

အယ်လ်ဇိုင်းမားရောဂါဟာ အဆင့်လိုက် တဖြည်းဖြည်းဆိုးလာတတ်ပြီး အဆင့်တစ်ခုစီမှာ လက္ခဏာတွေ မတူညီနိုင်ပါဘူး။

  • အစောပိုင်းအဆင့် (Early Stage) – ဒီအဆင့်မှာ မှတ်ဉာဏ်ချို့ယွင်းတာကို အဓိကတွေ့ရမှာပါ။ မကြာသေးခင်က ဖြစ်ခဲ့တဲ့အရာတွေကို မေ့တတ်တာ၊ စကားလုံးတွေကို ရှာဖွေရာမှာ ခက်ခဲတာ၊ အချိန်နဲ့ နေရာကို မှားယွင်းတတ်တာ၊ နာမည်တွေ သိပ်မမှတ်မိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ဒီအဆင့်မှာ လူနာဟာ သူ့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်နိုင်စွမ်းရှိနေပါသေးတယ်။
  • အလယ်အလတ်အဆင့် (Middle Stage) – ဒီအဆင့်မှာ မှတ်ဉာဏ်ချို့ယွင်းမှု ပိုဆိုးလာပြီး တစ်ယောက်တည်း လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းတွေ လျော့ကျလာပါတယ်။ ရင်းနှီးတဲ့နေရာတွေမှာ လမ်းပျောက်ခြင်း၊ ကိုယ့်အိမ်ကို မမှတ်မိတော့ခြင်းမျိုး ကြုံရနိုင်ပါတယ်။ ရေချိုးခြင်း၊ အဝတ်အစားလဲခြင်းနဲ့ အစာစားခြင်းတို့လို နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ အကူအညီလိုလာနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ (ဥပမာ – စိတ်တိုလွယ်ခြင်း၊ စိုးရိမ်ပူပန်ခြင်း) ပိုဖြစ်လာနိုင်ပြီး ညဘက်မှာ အိပ်မပျော်တာတွေလည်း ဖြစ်တတ်ပါတယ်။
အယ်လ်ဇိုင်းမားရောဂါ
  • နောက်ဆုံးအဆင့် (Late Stage) – ဒီအဆင့်မှာ လူနာဟာ မိမိကိုယ်ကို ဂရုစိုက်နိုင်စွမ်း လုံးဝမရှိတော့ပါဘူး။ စကားပြောဆိုနိုင်စွမ်း၊ လမ်းလျှောက်နိုင်စွမ်းနဲ့ အစာမျိုချနိုင်စွမ်းတွေလည်း ဆုံးရှုံးသွားတတ်ပါတယ်။ အရင်က မလုပ်ဖူးတဲ့အပြုအမူတွေ လုပ်လာခြင်း၊ ညဘက်တွေမှာ လှုပ်ရှားသွားလာနေခြင်း၊ စိတ်အလိုမကျတဲ့အခါ ဒေါသထွက်လွယ်ခြင်းတို့ ဖြစ်တတ်ပါတယ်။အချိန်ပြည့်စောင့်ရှောက်မှု လိုအပ်လာတဲ့ အနေအထားဖြစ်ပါတယ်။ 

အယ်လ်ဇိုင်းမားရောဂါ ဖြစ်နေသူတွေကို ဘယ်လို ဂရုတစိုက် စောင့်ရှောက်ပေးရမလဲ။ 

  • စိတ်ရှည်သည်းခံပါ။ 

ရောဂါရှိသူတွေဟာ မေ့လျော့တတ်တာ၊ စိတ်တိုလွယ်တာ၊ စကားပြောဆိုရာမှာ အခက်အခဲရှိတာတွေကို နားလည်ပေးဖို့နဲ့ စိတ်ရှည်သည်းခံဖို့ လိုအပ်ပါတယ်။

  • နားလည်ပေးပါ။ 

သူတို့ရဲ့ ခံစားချက်တွေကို နားလည်ပေးဖို့နဲ့ သူတို့ကို အားပေးဖို့ အရမ်းကို ရေးကြီးပါတယ်။

  • လုံခြုံမှုရှိအောင် ဂရုစိုက်‌ပေးပါ။ 

ရောဂါရှိသူတွေဟာ အိမ်တွင်းမှာ လဲကျတာ၊ လမ်းပျောက်တာလိုမျိုး အန္တရာယ်တွေနဲ့ ကြုံတွေ့နိုင်ပါတယ်။ ဒါကြောင့် အိမ်မှာ လုံခြုံမှုရှိအောင် ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

  • နေ့စဉ်လုပ်ငန်းဆောင်တာများကို အကူအညီပေးပါ။ 

ရောဂါရှိသူတွေကို နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ (ဥပမာ – ရေချိုးခြင်း၊ အဝတ်အစားလဲခြင်း၊ အစာစားခြင်း) ကူညီပေးဖို့ လိုအပ်ပါတယ်။

အယ်လ်ဇိုင်းမားရောဂါမဖြစ်‌အောင် ကာကွယ်နိုင်မဲ့နည်းလမ်းများ 

  • ဦးနှောက်ကို လှုံ့ဆော်ပေးခြင်း – စာဖတ်ခြင်း၊ စကားထာဖျက်ခြင်း၊ ဂိမ်းကစားခြင်း စတဲ့ ဦးနှောက်ကို လှုံ့ဆော်ပေးတဲ့ လုပ်ဆောင်မှုတွေက ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
  • ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာများကို စားသုံးခြင်း – အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ငါးတွေလိုမျိုး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေက ဦးနှောက်ကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။
  • ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း – ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက ဦးနှောက်ဆီကို သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး မှတ်ဉာဏ်ကိုလည်း တိုးတက်စေနိုင်ပါတယ်။
  • စိတ်ဖိစီးမှုကို လျှော့ချခြင်း – စိတ်ဖိစီးမှုများခြင်းက အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို လျှော့ချဖို့ လိုအပ်ပါတယ်။
  • အခြားရောဂါများကို ကုသခြင်း – နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါတွေကို ကောင်းကောင်းကုသခြင်းက အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

အယ်လ်ဇိုင်းမားရောဂါဟာ အသက်ကြီးလာသူတွေမှာ အတွေ့ရများပြီး လူနေမှုဘဝကို များစွာထိခိုက်စေနိုင်တဲ့ ရောဂါတစ်မျိုးပါ။ ဒါပေမဲ့ ရောဂါရဲ့ လက္ခဏာတွေကို စောစောသိရှိပြီး ကုသမှုခံယူခြင်း၊ ဂရုတစိုက်စောင့်ရှောက်ခြင်းတို့နဲ့ ရောဂါရှိသူတွေရဲ့ ဘဝကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးနိုင်ပါတယ်။

Similar Posts