စိတ်အနားယူဖို့ လိုအပ်နေတဲ့ လက္ခဏာများ
လူဖြစ်လာရင် စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် စိတ်ညစ်ညူးစရာ၊ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ကြုံရနိုင်ပါတယ်။
ဒီလိုမျိုးကြုံလာရတဲ့အချိန်မှာ မိမိကိုယ်ကို စိတ်တအားဖိစီးမှုထပ်မဖြစ်စေဘဲ အနားယူအပန်းဖြေဖို့လိုအပ်နေတာကို သတိပြုမိစေဖို့ စိတ်အနားယူဖို့လိုအပ်နေတဲ့ လက္ခဏာတွေကိုဖော်ပြလိုက်ပါတယ်။
စိတ်အနားယူဖို့လိုအပ်နေတဲ့လက္ခဏာများ
စိတ်မရှည်ခြင်း – ကိုယ့်မိသားစု၊ မိတ်ဆွေတွေအပေါ် အရင်ကလိုမဟုတ်ဘဲ တစ်ခုခုဆိုတာနဲ့ စိတ်တိုစိတ်ဆတ်လာတယ်ဆိုရင် စိတ်အရမ်းပင်ပန်းနေတာမျိုးကြောင့် ဖြစ်နိုင်ပါတယ်။
ညအိပ်မပျော်ခြင်း – စိတ်ညစ်စရာတွေအတွေးလွန်ပြီး ညအိပ်ပျော်ဖို့ အချိန်အကြာကြီးယူရတာ (သို့မဟုတ်) အိပ်နေရင်း ခဏခဏပြန်ပြန်နိုးနေတာဖြစ်နိုင်ပါတယ်။





ဒေါသဖြစ်လွယ်ခြင်း – ကိစ္စသေးသေးလေးတွေအပေါ်မှာတောင် စိတ်တိုဒေါသထွက်လွယ်တာမျိုးဖြစ်နိုင်ပါတယ်။
စိုးရိမ်လွန်ခြင်း – ရုတ်တရက် စိုးရိမ်လွန်ပြီး ချွေးသီးချွေးပေါက်တွေကျလာတာမျိုး၊ ငိုချလိုက်တာမျိုးစတဲ့ စိုးရိမ်လွန်တတ်တဲ့လက္ခဏာကလည်း စိတ်ကျန်းမာရေးအတွက် မကောင်းပါဘူး။
စိတ်မဝင်စားခြင်း – ကိုယ်အရင်စိတ်ဝင်တစားရှိတဲ့အရာတွေ၊ ဝါသနာတွေကိုတောင် စိတ်မပါတော့တာမျိုးဖြစ်လာတတ်ပါတယ်။
တကယ်လို့အပေါ်ကလက္ခဏာတွေခံစားနေရပြီဆိုရင် လုပ်နေတဲ့အရာကို ခဏလေးထား၊ စိတ်ကိုထွက်ပေါက်ပေးပြီး အနားယူဖို့လိုအပ်နေပါပြီ။
