ထိပ်ပြောင်ခြင်းက မျိုးရိုးလိုက်တတ်လား..
မေးခွန်းလေးရဲ့ အဖြေကတော့ Yes ပါ။ အသက်ရလာတာနဲ့အမျှ ဆံပင်ဘယ်လောက်ကျွတ်သွားမလဲ ဘယ်လိုကျွတ်မလဲဆိုတာက မျိုးရိုးဗီဇနဲ့ဆိုင်ပါတယ်။
မျိုးရိုးဗီဇကြောင့် ဆံပင်ကျွတ်ခြင်းကို တားဆီးလို့မရပါဘူး။ ဒါပေမဲ့ အကျွတ်နည်းအောင်၊ ဆံပင်ရှိနေတုန်း ဘယ်လိုထိန်းသိမ်းလို့ရမလဲဆိုတာကို ပြောပြသွားမှာဖြစ်ပါတယ်။
ဆံပင်ကျွတ်စေတဲ့ မျိုးရိုးဗီဇ
ဆံပင်ကျွတ်ခြင်းမှာလည်း အမျိုးသားများကဲ့သို့ ထိပ်ပြောင်ခြင်းနှင့် အမျိုးသမီးများကဲ့သို့ ထိပ်ပြောင်ခြင်းဆိုပြီး ၂ မျိုးရှိပါသေးတယ်။
အမျိုးသားတွေမှာထိပ်ပြောင်ခြင်းပုံစံဖြစ်တဲ့ M ပုံစံ ဆံပင်စည်းကြောင်းက အနောက်ကိုရွေ့သွားတာမျိုးပါ။ ဆံပင်ရှေ့တွေပြောင်တာထက် ဘေးဘက်တွေမှာ ဆံပင်နည်းလာတာကို Male Pattern Baldness လို့ခေါ်ပြီး အသက် ၂၀ လောက်ကနေစပြီး ဖြစ်တတ်ပါတယ်။
အမျိုးသမီးတွေမှာတော့ သွေးဆုံးကိုင်အရွယ်ကနေစပြီး ဆံပင်ခွဲကြောင်းမှ တဖြည်းဖြည်း ဆံပင်ကျွတ်ပြီး ပြောင်လာတာမျိုးကို Female Pattern Baldness လို့ခေါ်ပါတယ်။
ဆံပင်ကျွတ်ခြင်း ထိပ်ပြောင်ခြင်းကို ဖြစ်စေတဲ့ တခြား အကြောင်းရင်းများ
ဟော်မုန်းအပြောင်းအလဲကြောင့် – အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးခြင်း၊ သွေးဆုံးကိုင်ချိန် တွေမှာ ဟော်မုန်းအပြောင်းအလဲက သိသာထင်ရှားတာကြောင့် ဆံပင်ကျွတ်လေ့ရှိပါတယ်။ သိုင်းရွိုက်ဟော်မုန်းအပြောင်းအလဲရှိတဲ့အချိန်မှာလည်း ဆံပင်ကျွတ်တတ်ပါသေးတယ်။
Alopecia Areata – ဒီ ရောဂါကတော့ ကိုယ်ခံအားကြောင့် ဆံပင်တွေ အဆုတ်လိုက်ကျွတ်တတ်တဲ့ အခြေအနေတစ်ခုပါ။
Trichotillomania – ဒီရောဂါကတော့ စိတ်ရောဂါတစ်မျိုးဖြစ်ပြီး ကိုယ့်ဆံပင် ကို ဆွဲခြင်း၊ ဆွဲနှုတ်ချင်စိတ်တွေကို ဖြစ်စေပါတယ်။
ဆံပင်အစည်းများခြင်းကြောင့် – ဆံပင်ကို တင်းတင်းစည်းနှောင်လေ့ရှိတဲ့သူတွေမှာလည်း ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်းဖြစ်တတ်ပါတယ်။ ဒီလို ဆံပင်ကျွတ်တာကတော့ ယာယီဖြစ်ပြီး ပြန်ပေါက်နိုင်ပါတယ်။
ဆေးများ – စိတ်ကျရောဂါ၊ နှလုံးရောဂါ၊ ဂေါက်၊ သွေးတိုးရောဂါ၊ ကင်ဆာ စတဲ့ ရောဂါတွေကို ကုသဖို့ အသုံးပြုတဲ့ တချို့ဆေးတွေကလည်း ဆံပင်ကျွတ်ခြင်း၊ ထိပ်ကွက်ခြင်းကို ဖြစ်စေတတ်ပါတယ်။
ဆံပင်ကျွတ်ခြင်းကို ကာကွယ်ခြင်းနှင့် ကုသခြင်း
ကာကွယ်ဖို့အတွက်ကတော့ ဆံပင်၊ ဦးရေပြားအတွက် လိုအပ်တဲ့ အာဟာရတွေကို ရဖို့အတွက် အားဆေးသောက်ခြင်း၊ အိပ်ချိန်မှန်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမှန်ခြင်း စတာတွေကိုတော့ ပုံမှန်လုပ်ပေးရပါမယ်။
ဦးရေပြားလိမ်းဆေး – ပြောင်နေတဲ့ နေရာတွေကို လိမ်းလို့ရတဲ့ ဆေးတွေကို အရေပြားဆရာဝန်နဲ့တိုင်ပင်ပြီး ရွေးချယ်လို့ရပါတယ်။
ဆံပင်စိုက်ခြင်း ၊ လေဆာဖြင့်ကုသခြင်း ၊ သွေးရည်ကြည်ထိုးသွင်း ကုသခြင်း စတဲ့ ခေတ်မှီ နည်းပညာတွေနဲ့ ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်းကို ကုသနိုင်ပါတယ်။