မိုးရာသီမှာ ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ့် အချက်(၁၀) ချက် 😶‍🌫️

မိုးရာသီဆိုတာ အေးမြတဲ့မိုးရေစက်လေးတွေကြောင့် အိပ်ရာထဲကွေးလို့ကောင်းသလို မတော်တဆဘေးအန္တရာယ်နဲ့ ကျန်းမာရေးထိခိုက်မှုတွေများတတ်တဲ့ကာလလည်း ဖြစ်ပါတယ်။ မိုးရာသီကို ဘေးကင်းလုံခြုံကျန်းမာစွာနဲ့ ဖြတ်သန်းနိုင်ဖို့ သင်ကိုယ်တိုင် ဂရုစိုက်ရမယ့် အချက် (၁၀) ချက်ကို ပြောပြပေးချင်ပါတယ်။😎

(၁) မိုးရေထဲ ခဏခဏလမ်းမလျှောက်ပါနဲ့။
မိုးရေတွေအိုင်နေတဲ့လမ်းပေါ်လျှောက်ရတာဟာ ပျော်စရာကောင်းတယ်ထင်ရပေမဲ့ ဘက်တီးရီးယားတွေ၊ ကူးစက်ရောဂါပိုးတွေ အပြည့်ရှိနေတတ်လို့ ခဏခဏလမ်းပေါ်မထွက်သင့်ပါဘူး။ ရွှံ့ဗွက်အိုင်တွေထဲ ဖြတ်သန်းလာပြီးရင် သေချာပြန်ဆေးကြောသန့်စင်ပြီး နွေးနွေးထွေးထွေးနေသင့်ပါတယ်။

(၂) မိုးကာ (သို့) ထီးအမြဲဆောင်ထားပါ။
မိုးက ဘယ်အချိန်ရုတ်တရက်ရွာချမလဲမသိနိုင်တာကြောင့် မိုးမမိအောင် မိုးကာနဲ့ထီးတွေဆောင်ထားသင့်ပါတယ်။ ဒါက သင့်ကိုမိုးမစိုစေပဲ အအေးမိ၊ နှာစေး၊ဖျားနာခြင်းတွေကနေကာကွယ်ပေးနိုင်တဲ့နည်းလမ်းပဲဖြစ်ပါတယ်။

(၃) လျှပ်စစ်မီးကြိုးတွေကို လုံးဝသွားမထိပါနဲ့။
လမ်းပေါ်မှာ ပြုတ်ကျနေတဲ့မီးကြိုးတွေကို သွားမထိသင့်ပါဘူး။ ပြုတ်ကျနေတဲ့နေရာနားက ရေတွေကိုလည်း မထိသင့်ဘဲရှောင်သွားသင့်ပါတယ်။ ကားပါကင်ထိုးရာမှာလည်း မီးကြိုးတွေမရှိတဲ့‌အောက် လွတ်ကင်းတဲ့နေရာမှာ ထိုးသင့်ပါတယ်။

(၄) ပိုးကောင်တွေနဲ့ ဝေးဝေးနေပါ။
အင်းဆက်ပိုးကောင်လေးတွေ ပေါများတဲ့ ချုံပုတ်၊ ရေအိုင်လိုနေရာတွေကို ရှောင်သင့်ပါတယ်။ ဒီပိုးကောင်တွေကနေ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးနဲ့ အခြားရောဂါပိုးတွေကပ်နိုင်တာကြောင့် အကိုက်မခံရအောင် ဂရုစိုက်သင့်ပါတယ်။

(၅) ကားကို ဂရုတစိုက်မောင်းပါ။
ရုတ်တရက်ကွေ့ချလိုက်တာ၊ ဘရိတ်ဆွဲအုပ်တာတွေကို ရှောင်ကျဉ်သင့်ပါတယ်။ မိုးအမှောင်ကြောင့် ရှေ့ကိုသိပ်မမြင်ရတတ်လို့ ကားအကြီးတွေနဲ့ ဝေးဝေးကနေခွာမောင်းပေးပါ။ ကားရဲ့အစိတ်အပိုင်းတွေကို အမြဲစိတ်ချရအောင် စစ်ဆေးနေရပါမယ်။

(၆) လျှပ်စစ်ကြိုးတွေကို အမြဲပလပ်ပေါက်ကနေဖြုတ်ထားပါ။
ရေစိုနေတဲ့လက်နဲ့ ပလပ်ပေါက်တွေကို ထိမိရင်၊ မီးဖွင့်ထားတဲ့ ခလုတ်တွေကိုထိမိရင် ဓာတ်လိုက်သွားနိုင်ပါတယ်။ အမြဲပလပ်ဖြုတ်ပြီး ပိတ်ထားသင့်ပါတယ်။

(၇) တံခါးပိတ်ထားပါ။
မိုးရွာနေချိန် တံခါးဖွင့်ထားတာက မိုးနံ့တသင်းသင်းရှိတယ်ဆိုပေမဲ့ ကြာလာရင်အအေးမိနိုင်တာကြောင့် ခဏလေးဖွင့်ပြီး ပိတ်ထားပေးသင့်ပါတယ်။ အိမ်ဘေးမှာသစ်ပင်ရှိတယ်ဆို သစ်ကိုင်းအကျိုးအပဲ့တွေက ဖွင့်ထားတဲ့ပြတင်းကတစ်ဆင့် ထိခိုက်မိနိုင်လို့ပါ။

(၈) အာဟာရပြည့်စွာစားသုံးပါ။
ကူးစက်ရောဂါတွေပေါတဲ့ရာသီမှာ ကိုယ်ခံအားကောင်းအောင် အာဟာရစုံလင်စွာ စားသင့်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောမဖြစ်ရအောင် ရေသန့်မရတဲ့နေရာတွေမှာ ရေကိုကျိုချက်သောက်သင့်ပြီး အစားအစာတွေကို သန့်ရှင်းစွာ ကျက်အောင်ချက်ပြီးမှစားပေးသင့်ပါတယ်။

(၉) အိမ်သုံးဆေးဝါးတွေ အမြဲဆောင်ထားပါ။
လေတိုက်ပြီး မုန်တိုင်းကျခဲ့ရင်၊ ရေကြီးခဲ့ရင် အရေးပေါ်အခြေအနေမှာစိတ်ချရအောင် အိမ်သုံးဆေးဝါးတွေ အဆင်သင့်ဆောင်ထားသင့်ပါတယ်။

(၁၀) မိုးလေဝသသတင်းကိုအမြဲနားစွင့်ပါ။
မိုးရာသီဟာ ရာသီဥတုအပြောင်းအလဲအဖြစ်တတ်ဆုံးရာသီဖြစ်တာကြောင့် မုန်တိုင်းသတင်းတွေကို လျစ်လျူမရှုသင့်ပါဘူး။ အမြဲနားစွင့်ပြီး ကြိုတင်ကာကွယ်မှုတွေလုပ်ထားသင့်ပါတယ်။

မိသားစုအားလုံး မိုးရာသီကို နွေးထွေးလုံခြုံစွာဖြတ်သန်းနိုင်ကြပါစေ။

z_waka_healthcare #z_waka

Similar Posts