အမျိုးသမီးတို့နေရခက်စေတဲ့ မိန်းမကိုယ်ယားယံ ခြင်းဝေဒနာ

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ မိန်းမကိုယ်ယားယံတယ်ဆိုတာ ကတော့ တကိုယ်ရေသန့်ရှင်းမှုအားနည်းတာကြောင့်ဖြစ်လေ့ရှိကြသလို  အမျိုးသမီးတွေပြောတတ်တာက “ဆရာရယ် နေ့တိုင်းသန့်ရှင်းအောင် နေထိုင်တာပဲ ယားတာမသက်သာဘူး” လို့ဆိုတတ်ကြပါတယ်။ 

အကြောင်းရင်းပေါ်မူတည်ပီး စအိုနားတဝိုက် သို့မဟုတ် မိန်းမကိုယ်အဝနားနဲ့အတွင်းပိုင်းနေရာတွေမှာယားတာခံစားရတာမျိုးရှိပါတယ်။ 

အဓိက မှိုရောဂါ နဲ့ ဘက်တီးရီးယားပိုးတွေကူးစက်ခံရတဲ့အခါ ခံစားရပါတယ်။ အဲ့ဒီလိုရောဂါပိုးတွေရှိနေပြီဆိုရင် ယားတဲ့အပြင် အဖြူပါဆင်းတတ်ကြပါတယ် ။ 

စပ်ဆေး ၊ အယားပြေဆေး သောက်လို့လည်း မသက်သာနိုင်တာကြောင့် ရောဂါအကြောင်းကို ပျောက်ကင်းအောင် ဆရာဝန်နဲ့သေချာစွာ ကုသရပါမယ်။ 

ယားတိုင်းလည်း အဖြူတော့မဆင်းပါဘူး။ ရောဂါအကြောင်းရင်းခံတွေရှိလို့ယားတာမျိုးလည်းရှိပါတယ်။ ဥပမာ ဆီးချိုရောဂါ ၊ Psoraisis လို့ခေါ်တဲ့ အရေပြားရောဂါမျိူးတွေ၊ဝဲရောဂါ ၊ လိပ်ခေါင်း၊ ဂရင်ဂျီနာရောဂါ ၊သန်ရောဂါ စတဲ့အကြောင်းရင်းတွေကြောင့် မိန်းမကိုယ်ကိုယားယံမှုကိုနာတာရှည်ပုံစံမျိုး ခံစားရစေနိုင်ပါတယ်။ 

သန္ဓေတားဆေးပစ္စည်းအသုံးပြုတဲ့အခါဓာတ်မတည့်တာမျိူးဖစ်ရင်လည်းယားတတ်ပါတယ်။ 

စိတ်ဓာတ်ကျတာ စိတ်ပိုင်းဆိုင်ရာထိခိုက်တဲ့အခြေအနေမှာဆိုရင် တကိုယ်ရေသန့်ရှင်းမှုကိူဂရုမစိုက်တော့ပဲဖြစ်သလိုနေရင်လည်း ရောဂါပိုးမွားတွေ ကူးစက်လွယ်တဲ့အတွက်ခံစားရပါတယ်။ 

အာဟာရလုံလောကိစွာမစားရင်လည်း သံဓာတ်၊ vitaminဓာတ်တွေ ချို့တဲ့ပြီး​နောက်ဆက်တွဲအနေနဲ့ယားတာမျိူးလည်းခံစားရနိုင်ပါတယ်။ 

မိမိနဲ့လိင်ဆက်ဆံ အတူနေသူထံကလည်းရောဂါပိုးကူးစက်နိုင်သလို မိမိခံစားနေရရင်လည်း သူတပါးမကူးစက်အောင် ရောဂါခံစားနေရစဉ် လုံးဝလိင်ဆက်ဆံတာရှောင်ကြဉ်ရပါမယ် ။ တကိုယ်ရည်သန့်ရှင်းမှုတွေပြုလုပ်ရာမှာလည်းကြောငြာလေ့ရှိတဲ့ ဆေးရည်တွေကိုအလွယ်တကူဝယ်မသုံးသင့်ပါဘူး။ 

အဓိကက ရေသန့်သန့်နဲ့ဆေးပေးတာနဲ့တင်လုံလောက်မှုရှိပါတယ်။ ရေခပ်နွေးနွေးကိုအသုံးပြုပေးရင်လည်းသင့်တော်ပါတယ်။   

ကောင်းတဲ့ဘက်တီးရီးယားတွေရရှိတဲ့ ဒိန်ချဉ်လိုမျိုးပုံမှန်သောက်ပေးသင့်ပါတယ်။

နောက်ပြီးအွန်လိုင်းမှာအလွယ်တကူရောင်းနေတဲ့မိန်းမကိုယ်ကျဉ်းဆေးတွေလိုမျိုးတွေကို အသုံးပြုတာမျိုးကနေလည်းရှောင်ကြဉ်သင့်ပါတယ်။

ပုံမှန်အားဖြင့် မိမိတကိုယ်ရေသန့်ရှင်းမှူကိုပုံမှန်ပြုလုပ်မယ်၊ အောက်ခံအဝတ်အစား တွေကိုသန့်ရှင်းခြောက်သွေ့စွာထားရမှာဖြစ်သလို ညအိပ်ချိန်ကို အတွင်းခံကြပ်ကြပ်တွေဝတ်ဆင်တာကိုလည်း ရှောင်ကြဉ်ရပါမယ်။ 

ယားယံရာကနေ သွေးထွက်လာတာမျိုး နာကြဉ်လာတာမျိုးတွေဖြစ်ရင်တော့ ဆရာဝန်နဲ့သေချာစွာပြသဖို့လိုပြီးတော့ ခဏခဏယားစေတဲ့အကြောင်းရင်းကိူ  အရှင်းပျောက်ဖို့လည်းသေချာကုသရမှာဖြစ်ပါတယ်။

ဒေါက်တာနိုင်း (ဆေး-၁)

#vaginal_itching #women_health

#We_R_z_waka

Similar Posts