ဓမ္မတာမလာခြင်း နဲ့ ဓမ္မတာမူမမှန်ခြင်းများ
အမျိုးသမီးတွေရဲ့ဘဝမှာ ဓမ္မတာမမှန်တာ ဓမ္မတာမလာတာ တွေက စိတ်ရှုပ်ထွေးမှုကိုပါ သက်ရောက်စေတဲ့ ပြသနာတစ်ခုဘဲဖြစ်ပါတယ်။တစ်ယောက်နဲ့တယောက် မတူညီတဲ့နောက်ခံအကြောင်းရင်းတွေကြောင့် ဓမ္မတာမလာခြင်း လာခြင်းပုံစံအမျိုးမျိုးဖြစ်တတ်ပါတယ်။
အပျိုဖော်ဝင်စမိန်းကလေးတွေအနေနဲ့ပိန်လွန်းတာ၊ ဝလွန်းတာတွေကြောင့် တခြားမိန်းကလေးငယ်တွေဓမ္မတာလာချိန်မှာ မလာသေးတာတွေရှိတတ်သလို ငယ်ရွယ်စဉ်မှာ တွေအနေနဲ့လည်း ဓမ္မတာလာတာနောက်ကျလေ့ရှိကြပါတယ်။
အပျိုဖော်ဝင်ချိန်ဓမ္မတာမလာတာ အချိန်တော်တော်လေးကြာလာတဲ့မိန်းကလေးငယ်တွေအနေနဲ့ မွေးရာပါမျိုးပွားအင်္ဂါချွတ်ယွင်းတာမျိုး၊ သိုက်ရွိုက်ဟော်မုန်းမူမမှန်ရောဂါနဲ့ဦးနှောက်ထဲအကျိပ်ရောဂါရှိနေတာမျိုး၊ လိင်နဲ့ပတ်သက်တဲ့ ခရိုမိုဇုန်းရောဂါဖြစ်နေတာမျိုးရှိမရှိဆန်းစစ်သင့်ပါတယ်။
ဒါကတော့ဓမ္မတာစလာချိန်နောက်ကျနေတတ်တဲ့မိန်းကလေးငယ်တွေအတွက်ဆိုလိုတာပါ။ နောက်ထပ်တွေ့ရတဲ့ပုံစံကတော့ဓမ္မတာလာပုံမူမမှန်တာပဲဖြစ်ပါတယ်။ ရာသီလာချိန်သွေးဆင်းမှုနည်းတာ၊ များတာ၊ စောဝာာ၊ နောက်ကျတာအားလုံးဟာမူမမှန်တာပဲဖြစ်ပပါတယ်။
ပုံမှန်အားဖြင့်အမျိုးသမီးတစ်ဦးဟာ(၂၁)ရက်ကနေ(၂၈)ရက်အတွင်းဓမ္မတာလာတတ်သလိုတကြိမ်လာရင်ပျှမ်းမျှ(၅)ရက်ခန့်ရှိပါတယ်။ နောက်ပြီး ရာသီထိန်ခြင်း၊ သွေးများစွာဆင်းခြင်း၊ နည်းပါးခြင်း၊ တစ်စက်နှစ်စက်ဆင်းခြင်း တွေကလည်း မူမမှန်တဲ့ရာသီစက်ဝန်းရဲ့ လက္ခဏာရပ်တွေပဲ ဖြစ်ပါတယ်။
နောက်ထပ်ဓမ္မတာမလာတော့တဲ့ပြသနာတစ်ခုကတော့ကိုယ်ဝန်ပါ။ အပျိုဖြစ်ပြီးတဲ့အမျိုးသမီးတွေအနေနဲ့ကိုယ်ဝန်နဲ့ပတ်သက်လို့ သတိထားသင့်ပါတယ်။ ကိုယ်ဝန်ရှိတယ်လို့မိမိကိုယ်ကို ထင်မြင်ရင်တော့ ဆီးစစ်ကြည့် သင့်ပါတယ်။
သားဆက်ခြားဆေးတွေ၊ ထိုးဆေးတွေကလည်း(၃)လ၊ (၆)လထိဓမ္မတာမမှန်တာတွေဖြစ်တတ်ပါတယ်။ကာဘိုဟိုက်ဒရိတ်များတဲ့Fastfoodလိုမျိုးတွေစားသုံးမှုများတာ၊ အရက်အလွန်ကျွံသောက်မိတာတွေကလည်းဓမ္မတာစက်ဝိုင်းကိုပြောင်းလဲစေပါတယ်။ ဒါကြောင့်ရှေးလူကြီးတွေရဲ့စာပေတွေထဲမှာဓမ္မတာအတွက်စားသုံးသင့်တဲ့၊ မစားသုံးသင့်တဲ့ အစားအစာတွေကိုရေးသားခဲ့ကြတာဖြစ်ပါတယ်။
လူနေမှုဘဝပုံစံတွေအရ စိတ်ဖိဆီးမှုတွေများတာ၊ စိတ်ဓာတ်ကျတာ၊ လေ့ကျင့်ခန်းတွေ လုပ်လွန်းတာ၊ စိတ်လှုပ်ရှားမှုများတာတွေကြောင့် ဓမ္မတာလာခြင်းအပေါ်သက်ရောက်တတ်ပါတယ်။
Polycystic Ovary Syndrome (PCOS) လို့ခေါ်တဲ့ရောဂါဖြစ်နေမယ်ဆိုရင်တော့သားအိမ်ကနေ အန်ဒရိုဂျင် ဟော်မုန်းများစွာ ထုတ်ပေးနေတဲ့အတွက် မမျိုးဥ ထုတ်ပေးတဲ့နေရာမှာ အနှောင့်အယှက်ဖြစ်စေပြီး ရာသီသွေးမမှန်စေတတ်တာမျိုးလည်းရှိပါတယ်။
သွေးဆုံးချိန်နီးနေတာမျိုးဆိုရင်လည်းစိတ်ပိုင်းဆိုင်ရာအတက်အကျတွေနဲ့ရာသီမူမမှန်မှုတွေစပေါ်တတ်ပါတယ်။မူမမှန်သွေးဆင်းတာကို အမြန်ကုသဖို့ မလိုအပ်ပေမယ့်သူ့ရဲ့နောက်ခံအကြောင်းရင်းကိုတော့ သိထားဖို့လိုပါတယ်။
ရာသီမူမမှန်ခြင်းအတွက် စိုးရိမ်ရတဲ့ တခြားအကြောင်းရင်းတွေအနေနဲ့တော့ သားအိမ်ခေါင်းကင်ဆာ၊ လိင်မှတဆင့်ကူးစက်ရောဂါများ၊ သားအိမ်တွင်းအလုံးအကျိပ်တည်တဲ့ရောဂါများ၊ သားအိမ်အတွင်း သားနံရံများ ပုံမမှန်ပွါးခြင်း၊ သွေးခဲခြင်း စတာတွေပဲဖြစ်ပါတယ်။
အမျိုးသမီးတွေအတွက်ဓမ္မတာကာလဟာတန်ဖိုးရှိတဲ့သွေးစီးဆင်းတဲ့အချိန်တစ်ခုအဖြစ်မိမိကိုယ်ကိုယုံကြည်စိတ်ချမှုထားရမှာဖြစ်ပါတယ်။ ဓမ္မတာလာချိန်ဖြစ်လာတဲ့ရာသီသွေးဟာမိမိရဲ့နောက်မျိုးဆက်ကို ပွားနိုင်တဲ့တန်ဖိုးရှိတဲ့သွေးဖြစ်တာမို့ စိတ်ပိုင်းဆိုင်ရာကျဆင်းတာ အတွေးများတာတွေ စိတ်အားငယ်တာမျိုးတွေ ရှောင်သင့်ပါတယ်။
ဒီကာလမှာအိပ်ယာကမထချင်တာမျိုး၊ ကိုယ်လက်ကိုက်ခဲနေတာမျိုးတွေက စိတ်နဲ့လည်းတိုက်ရိုက်ပတ်သက်နေတာကြောင့် တတ်နိုင်သလောက်စိတ်ဖိဆီးမှုတွေကိုရှောင်ပြီး ယောဂကျင့်ပေးတာ၊အသီးအနှံ၊သား၊ငါး မျှတအောင်စားပေးတာ၊ နွေးနွေးထွေးထွေးနေထိုင်ပေးတာတွေက ရာသီစက်ဝန်းအတွက် အထောက်အကူဖြစ်စေပါတယ်။
ယနေ့ခေတ်မှာတော့ဆယ်ကျော်သက်မိန်းကလေးငယ်တွေကစလို့သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးတွေကို အစိုးရအစီအစဉ်နဲ့ထိုးပေးနိုင်လာတာဟာ တကယ်ကိုကောင်းမွန်လှတဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ်။သားအိမ်ဟာအမျိုးသမီးတွေအတွက်သဘာဝကပေးတဲ့အကောင်းဆုံးလက် ဆောင်ဖြစ်လို့ မိမိကိုယ်ကိုစောင့်ရှောက်ပေးကြဖို့ကိုလည်းတိုက်တွန်းပေးလိုက်ရပါတယ်။
ဒေါက်တာနိုင်း (ဆေး-၁)
#irregular_periods #women_health
#We_R_z_waka