| |

ကာလသားရောဂါ ဆိုတာ ဘယ်လိုမျိုးလဲ?

Syphilis ( ကာလသားရောဂါ ) ဆိုတာ လိင်မှတဆင့်ကူးစက်သော ဘက်တီးရီးယားရောဂါ တမျိုးဖြစ်ပြီး၊ လိင်အင်္ဂါ၊ နှလုံးနှင့် အာရုံကြောစနစ်တို့ကို ထိခိုက်စေနိုင်ပါတယ်။ ရောဂါဖြစ်ကာစမှာ နာကျင်မှုမရှိတဲ့ အနာဖုတွေ(မာ၊မနာ Chancre) ဟာပါးစပ်၊စအိုနှင့် လိင်အင်္ဂါတွေမှာ ပေါ်လာပါတယ်။ အဲ့ဒီအနာနှင့်ထိတွေ့မှုမှတဆင့် Syphilis ရောဂါဟာ တဦးမှတဦးဆီသို့ ကူးစက်ပါတော့တယ်။

ရောဂါဖြစ်ကာစမှာ စောစောကုသမှုခံယူလိုက်ရင် Syphilis( ကာလသားရောဂါ) ဟာကုရလွယ်ပြီး၊ ဆေးကုသမှုမခံယူခဲ့လျှင် ရောဂါဆိုးရွားလာပြီး၊ နှလုံး၊ဦးနှောက်နှင့် အခြားအင်္ဂါအစိတ်အပိုင်းတွေကို ပြင်းထန်စွာ ပျက်စီးစေပါတယ်။ Syphilis ရောဂါဟာ မိခင်မှ သန္ဓေသားလောင်းသို့ ကူးစက်နိုင်ပါတယ်။

ရောဂါလက္ခဏာများ

Syphilis ရောဂါမှာ အဆင့်(၃)ဆင့်ရှိပါတယ်။ အဆင့်တဆင့်နှင့် တဆင့်ရောဂါလက္ခဏာတွေက မတူညီကြပါဘူး။ တခါတရံ ရောဂါကူးစက်ခံထားရပေမယ့်လည်း ရောဂါလက္ခဏာမပြဘဲ ရှိနေတတ်ပါတယ်။

အဆင့်(၁)

ပထမဆုံးစပြတဲ့ရောဂါလက္ခဏာက “ချန်ကာ(Chancre)” လို့ခေါ်တဲ့အနာဖုလေးပါ။ အဲ့ဒီအနာဖုလေးက ရောဂါပိုးကူးစက်ခံထားရပြီး ၃ပတ်ခန့်ဆို ပေါ်လာတတ်ပါတယ်။ အဲ့ဒီအနာဖုတွေဟာ နာတာကျဉ်တာမရှိပါဘူး၊အနာက မိန်းမအင်္ဂါနှင့်စအို မှာပေါက်နေတယ်ဆို တချို့ကသတိမထားမိကြပါဘူး။ အဲ့ဒီ အနာဖုလေးဟာ ဘာဆေးမှ မသောက်ဘဲ သူ့ဘာသာ ပြန်ကောင်းသွားနိုင်ပါတယ်။

အဆင့်(၂)

အနာဖုလေးပြန်ကောင်းသွားပြီး ရက်သတ္တပတ်အနည်းငယ်ကြာတဲ့အခါမှာ ခန္ဓာကိုယ်အနှံ့ အစက်အပျောက်တွေပေါ်လာတတ်ပါတယ်။ တချို့လူတွေဆို ဆံပင်တွေကျွတ်လာပြီး၊ ကြွက်သားနာခြင်း၊ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ အရည်အိတ်များရောင်ခြင်း(swollen lymph) စသည့်ရောဂါလက္ခဏာများ တွေ့ကြုံခံစားရပါတယ်။ အဲ့ဒီရောဂါလက္ခဏာတွေဟာ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ပြန်ကောင်းသွားနိုင်ပြီး၊ မကြာခင်ပြန်ပေါ်လာနိုင်ကာ နှစ်ပေါင်းများစွာ ပေါ်လိုက်၊ပျောက်လိုက် ဖြင့်ရှိနေတတ်ပါတယ်။

ရောဂါလက္ခဏာမပြသောအဆင့်

Syphilis ရောဂါဖြစ်ပြီး ဆေးကုသမှုမခံယူခဲ့လျှင် ရောဂါဟာ ပထမအဆင့်ဒုတိယအဆင့် တို့ဖြစ်ပွားပြီးနောက် ရောဂါလက္ခဏာမပြသောအဆင့်သို့ ကူးပြောင်းသွားပါတယ်။ ဒီအဆင့်က နှစ်နဲ့ချီပြီးကြာနိုင်ပါတယ်။ တချို့တွေက ရောဂါလက္ခဏာတွေ လုံးဝမပြတော့ဘဲရှိနေပေမယ့် တချို့ကတော့ တတိယအဆင့်သို့ကူးပြောင်းသွားပြီး ပိုဆိုးတဲ့ရောဂါလက္ခဏာတွေပြလာပါတော့တယ်။

အဆင့်(၃)

ဆေးကုသမှုမခံယူထားတဲ့ syphilis ရောဂါခံစားနေရသူတွေ ၁၅%-၃၀% ဟာ နောက်ဆုံးအဆင့်သို့ရောဂါကူးပြောင်းသွားကြပါတယ်။ နောက်ဆုံးအဆင့် မှာ ဦးနှောက်၊အကြော၊မျက်လုံး၊နှလုံး၊သွေးကြော၊အသည်း၊အရိုးနှင့်အဆစ်အမြစ်တို့ ထိခိုက်ပျက်စီးလာရပါတယ်။ အဲ့ဒီရောဂါလက္ခဏာတွေကတော့ syphilis ရောဂါစစဖြစ်ခြင်းဆေးကုသမှုမခံယူဘဲ နေခဲ့ပြီး နောင် နှစ်ပေါင်းများစွာကြာမှ ပေါ်လာတတ်တာပါ။

မွေးရာပါ syphilis

Syphilis ရောဂါဟာ မိခင်မှ ဗိုက်ထဲရှိ သန္ဓသားလောင်းဆီသို့ကူးစက်စေပါတယ်။ တချို့ကလေးတွေက မွေးဖွားနေတုန်း မွေးလမ်းကြောင်းမှတဆင့် ကူးစက်နိုင်တာပါ။ ဒါကြောင့်မို့လို့ ကိုယ်ဝန်ဆောင်မိခင်တွေကို syphilis ရှိမရှိစစ်ဆေးကြတာပေါ့။ ဒါမှ ရောဂါရှိမရှိသိနိုင်ပြီး၊ အကယ်၍ ရောဂါရှိခဲ့ပါက မိခင်အားကုသမှုပေးကာ သန္ဓေသားလောင်းအား syphilis ကူးစက်ခံရစေခြင်းမှ ကြိုတင်ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ဇာနည်ထွန်း(ဆေး-၂)

Reference : mayoclinic.org

#syphilis #STD

#We_R_z_waka

Similar Posts