|

လိင် မ ဆက်ဆံ ခင်ဘာတွေကြိုပြင်ထားသင့်လဲ ? 

ကျား မ ဆက်ဆံ ကြတဲ့ လိင်ကွဲဆက်ဆံမှုဖြစ်စေ၊ LGBT စတဲ့ လိင်တူဆက်ဆံခြင်းမျိုးဖြစ်စေ ဘယ်လိုဆက်ဆံပုံမျိုးမှာမဆို  လိင်မှတဆင့်ကူးစက်တဲ့ရောဂါတွေ ခံစားရ နိုင်ပါတယ်။ ဒါအပြင် မလိုလားအပ်တဲ့ပြဿနာတွေကြုံတွေ့ရတာမျိုးလဲကြိုတင်စဉ်းစားသင့်ပါတဲယ် ။ ဒါ့အပြင် ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထပ်ကောင်းတယ်ဆိုတဲ့စကားနဲ့ အညီ လိင်မဆက်ဆံခင်မှာ အောက်ပါနည်းလမ်းတွေကြိုတင်ပြင်ဆင်သင့်ပါတယ်။

  • ကွန်ဒုံးဆောင်ထားပါ။

ကွန်ဒုံးဟာ HIV တင်မကဘဲ တခြားလိင်မှတစ်ဆင့်ကူးစက်ရောဂါတွေကို ကာကွယ် ပေးနိုင်တာကြောင့် စိတ်ချရတဲ့ လိင်ဆက်ဆံမှုတစ်ခုဖြစ်ဖို့ ကွန်ဒုံးဆောင်သင့်ပါတယ် 

  • တားဆေးသုံးပါ။

ကိုယ်ဝန်ရဖို့အတွက် မမျိုးဉနဲ့ ဖိုသုက်ပိုးတို့လိုပါတယ်။ ဒီတော့ မိန်းမနဲ့ယောကျာ်းလိင်ဆက်ဆံမှု မှန်သမျှကိုယ်ဝန်ရနိုင်တာမို့ မလိုချင်သေးရင်တားဆေးသုံးထားဖို့လိုအပ်ပါတယ်။ သန္ဓေတားဆေး အမျိုးအစားတွေရှိတာကြောင့် မိမိနဲ့ကိုက်ညီတဲ့အမျိုးအစားကိုဆရာဝန်နဲ့တိုင်ပင်ပြီးသုံးနိုင်ပါတယ်။ တားဆေးမသုံးမိဘဲလိင်ဆက်ဆံမိခဲ့ရင်တော့ (၇၂)နာရီအတွင်းအရေးပေါ်တားဆေးသုံးနိုင်ပါတယ်။ ခဏခဏသုံးလို့တော့မကောင်းပါဘူး။

  • ကာကွယ်ဆေးထိုးပါ။

သွေးအပါအဝင် ခန္ဓာကိုယ်ကထွက်လာတဲ့ အရည်တွေကတစ်ဆင့်ကူးစက်နိုင်တာကတော့ အသည်းရောင်အသားဝါဘီရောဂါပါ။ မြန်မာနိုင်ငံရဲ့ တိုးချဲ့ ကာကွယ်ဆေးလုပ်ငန်းစဉ်မှာလည်း အသည်းရောင်အသားဝါဘီကာကွယ်ဆေးကို ထည့်သွင်းထိုးနှံပေးပါတယ်။ ဘီကာကွယ်ဆေးဟာ အာနိသင်ကိုပြန်လည်တိုးမြှင့်ပေးရန်လိုတာမို့ Booster Dose အနေနဲ့ထပ်မံထိုးထားဖို့လိုအပ်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့တိုင်ပင်ကာထိုးထားသင့်ပါတယ်။

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကတော့ အမျိုးသမီးတွေအတွက် အဓိကပါ။ လိင်ဆက်ဆံဖို့ အလားအလာရှိနေသရွေ့ ထိုးထားသင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ တိုးချဲ့ ကာကွယ်ဆေးလုပ်ငန်းစဉ် မှာလည်း အသက်ကိုးနှစ်မှာတစ်ခါ၊ ဆယ်နှစ်မှာတစ်ခါဆိုပြီး နှစ်ကြိမ် ထည့်သွင်းထိုးနှံပေး နေပါပြီ။ မိမိဟာ လိင် ဆက်ဆံမှုပြုလုပ်နိုင်တဲ့အရွယ်ဆိုရင်တော့ ကြိုတင်ထိုးထားသင့်ပါတယ်။

  • Pre Exposure Prophylaxis (PrEP) ကြိုသောက်ပါ။

PrEP ဆိုတာ HIV ပိုးကူးစက်နိုင်ခြေကိုလျှော့ချပေးတဲ့ဆေးပါ။ မိမိရဲ့ပါတနာဟာ ကံအကြောင်း မလှစွာနဲ့ HIV ပိုးရှိနေနိုင်ပါတယ်။ မိမိရဲ့ အိမ်ထောင်ဖက်ဟာမိမိရဲ့ တစ်ဦးတည်းသော ပါတနာ ဆိုရင်တော့ ဒီအချက်ချန်ထားခဲ့နိုင်ပါတယ်။

 လိင်ဆက်ဆံတယ် ဆိုတာပျော်ရွှင်မှုစိတ်ကျေနပ်မှုကိုဖန်တီးဖို့ပါ။ ဒီတော့စိတ်ကျေနပ်မှုအပြည့်အဝရပြီး စိုးရိမ်ပူပန်မှု တွေ ရှိမနေဖို့ ကြိုတင်ပြင်ဆင်လိုက်ဖို့ အထက်ပါ အချက်တွေကို လိုက်နာကျင့်သုံးဖို့အကြံပြုချင်ပါတယ်။

ကျန်းမာပျော်ရွှင်  အနာဂတ်နေ့သစ်များကိုအစဉ်ထာဝရပိုင်ဆိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းလျှက် 

Dr. Kyaw Zeya

#before_sex 

#We_R_z_waka

Similar Posts