မကြာခဏ ကြွက်တက် နေတာ ဘာကြောင့်လဲ?
ကြွက်တက်ခြင်း ဆိုတာ ကြွက်သားစိုင်တစ်ခုတည်း ဒါမှမဟုတ် ကြွက်သားအစုအဝေးက ရုတ်တရက်တင်းကျပ်နာကျင်သွားတာမျိုးဖြစ်ပါတယ်။ ခြေထောက်ကြွက်သား အထူးသဖြင့် ခြေသလုံးကြွက်သားတွေမှာ ပိုအဖြစ်များတတ်ပြီး တစ်ခါဖြစ်ရင် စက္ကန့်ပိုင်းကနေ မိနစ်ပိုင်းအထိကြာတတ်ပါတယ်။ ကြွက်တက် ပြီးတဲ့နေရာမှာ နာရီပိုင်းကနေ ရက်ပိုင်းအထိ နာကျင်မှုကို ခံစားရနိုင်ပါတယ်။
ကြွက်သားကို အကြာကြီးအလုပ်ပေးမိလို့ဖြစ်စေ၊ အကြာကြီးဖိမိထားလို့ဖြစ်စေ(ဥပမာ- အချိန်ကြာကြာဖိထိုင်မိခြင်း)၊ ရေဓာတ်ဆုံးရှုံးလို့ဖြစ်စေ ကြွက်တက်နိုင်ပါတယ်။ တစ်ခါတစ်လေမှာ သွေးကြောပိတ်ခြင်း၊ အာရုံကြောပြဿနာများနဲ့ သတ္တုဓာတ်မလုံလောက်ခြင်းတို့နဲ့လည်း ဆက်စပ်နေတတ်ပါတယ်။
ကြွက်တက်ခြင်းကို အဓိက ဖြစ်စေတဲ့အကြောင်းရင်းများက
- အသက်အရွယ်ကြီးလာခြင်းကြောင့် ကြွက်သားထုဆုံးရှုံးခြင်း
- ကိုယ်နေဟန်ထားမမှန်ခြင်း
- ချွေးထွက်လွန်ခြင်း
- ကိုယ်ဝန်ရှိခြင်း
- အဝလွန်ခြင်း တို့ပဲဖြစ်ပါတယ်။
ပုံမှန်ဆိုရင် ကြွက်တက်တာက အန္တရာယ်မရှိတတ်ပေမယ့် ဆီးချို၊ အသည်း၊ အာရုံကြောနဲ့ သိုင်းရွိုက်ဟော်မုန်းပြဿနာများနဲ့ ဆက်စပ်ဖြစ်ပွားတယ်ဆိုရင်တော့ မပေါ့ဆသင့်ဘဲ ဆရာဝန်နဲ့သေချာဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ကြွက်တက်ခြင်းမဖြစ်စေဖို့ ရေများများသောက်ပေးခြင်းနဲ့အတူ ကြွက်သားအကြောလျှော့ခြင်းတို့လုပ်ပေးနိုင်ပါတယ်။