Safe Sex အကြောင်း တစေ့တစောင်း
| |

Safe Sex အကြောင်း တစေ့တစောင်း

နှစ်ဦးသဘောတူ သာယာမှုအတွက် အတူနေကြတဲ့အခါ နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေ၊ ဆိုးကျိုးတွေကင်းစွာနဲ့ အပြည့်အဝ လုံခြုံပျော်ရွှင်မှုရရှိစေနိုင်ဖို့ သိထားသင့်တဲ့ Safe Sex အကြောင်း ကို မျှဝေပေးပါရစေ။ 

Safe Sex အကြောင်း သိထားသင့်သမျှ

လိင်ဆက်ဆံမှုပြုတဲ့အခါမှာ လိင်ကတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ (STIs/STDs) နဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်ကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတွေကို အသုံးပြုတာကို ဆိုလိုပါတယ်။ ရိုးရိုးရှင်းရှင်းပြောရရင် ကိုယ့်ကိုယ်ကိုရော၊ ကိုယ့်ရဲ့လိင်ဆက်ဆံဖော်ကိုပါ ရောဂါကူးစက်မှုတွေနဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေကနေ ကာကွယ်ပေးနိုင်တဲ့ လိင်ဆက်ဆံမှုမျိုးလို့ ပြောလို့ရပါတယ်။

ဘာကြောင့် Safe Sex ဖြစ်ဖို့ အရေးကြီးတာလဲ

  • လိင်ကတဆင့် ကူးစက်ရောဂါများ (STIs/STDs) ကာကွယ်နိုင်ရန် 

ဆီးပူညောင်းကျရောဂါ၊ HIV/AIDS၊ ရေယုန်၊ ဂနိုရောဂါ၊ ဆစ်ဖလစ် စတဲ့ ရောဂါတွေဟာ လိင်ဆက်ဆံမှုကနေ အလွယ်တကူ ကူးစက်နိုင်ပါတယ်။ Safe Sex လုပ်ခြင်းအားဖြင့် ဒီရောဂါတွေ ကူးစက်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

  • မလိုလားအပ်သော ကိုယ်ဝန်ကို ကာကွယ်နိုင်ရန်

ကိုယ်ဝန်ယူဖို့ အဆင်သင့်မဖြစ်သေးတဲ့အချိန်မှာ ကိုယ်ဝန်ရသွားတာမျိုး မဖြစ်အောင် ကာကွယ်ဖို့အတွက် Safe Sex နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

  • ကျန်းမာပျော်ရွှင်တဲ့ လိင်မှုဘဝ ပိုင်ဆိုင်နိုင်ရန်

Safe Sex ကြောင့် စိတ်ပူပန်စရာမလိုဘဲ လိင်ဆက်ဆံမှုကို ပိုပြီး ပျော်ရွှင်စွာ ခံစားနိုင်ပါတယ်။

  • မိမိကိုယ်တိုင်နဲ့ အခြားသူများကို ကာကွယ်နိုင်ရန် 

မိမိမှာ ရောဂါရှိနေရင် ဒါမှမဟုတ် မိမိရဲ့လိင်ဆက်ဆံဖော်မှာ ရောဂါရှိနေခဲ့ရင် Safe Sex လုပ်ခြင်းအားဖြင့် တစ်ဦးနဲ့တစ်ဦး ရောဂါမကူးစက်အောင် ကာကွယ်ပေးနိုင်ပါတယ်။

Safe Sex ဖြစ်ဖို့ ဘာတွေလိုက်နာရမလဲ 

  • ကွန်ဒုံး (Condom) အသုံးပြုပါ။ 

ကွန်ဒုံးဟာ လိင်ဆက်ဆံမှုကနေ ကူးစက်နိုင်တဲ့ ရောဂါတွေနဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်ကို ကာကွယ်ဖို့ အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကွန်ဒုံးကို အသုံးပြုတဲ့အခါမှာလည်း သက်တမ်းကုန်ရက်ကို ကြည့်ပြီး မှန်ကန်စွာ အသုံးပြုဖို့ အရေးကြီးပါတယ်။ တစ်ကြိမ်သာ အသုံးပြုသင့်ပြီး တစ်ခါသုံးပြီးရင် လွှင့်ပစ်ရပါမယ်။ ကွန်ဒုံး ပေါက်ပြဲခြင်း၊ ကျွတ်ထွက်ခြင်း မရှိအောင်လည်း သတိပြုသင့်ပါတယ်။ 

  • ရိုးသားမှုရှိပါ။ 

မိမိကိုယ်တိုင်ရော မိမိရဲ့လိင်ဆက်ဆံဖော်ပါ ရိုးသားမှုရှိဖို့ အရေးကြီးပါတယ်။ ရောဂါရှိမရှိ ပွင့်လင်းစွာဖွင့်ဟပြီး လိုအပ်တဲ့ဆေးစစ်မှုတွေ လုပ်နိုင်ရင် ပိုကောင်းပါတယ်။ လိင်ဆက်ဆံဖော် တစ်ဦးတည်းရှိခြင်းအားဖြင့် ရောဂါကူးစက်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

Safe Sex အကြောင်း တစေ့တစောင်း
  • မိမိကိုယ်ကိုရော လိင်ဆက်ဆံဖော်ကိုပါ လေးစားမှုရှိပါ။ 

လိင်ဆက်ဆံမှုပြုလုပ်တဲ့အခါမှာ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရှိဖို့ အရေးကြီးပါတယ်။ မိမိရဲ့ သဘောဆန္ဒမပါဘဲ မလုပ်ချင်တဲ့အရာတွေကို “မလုပ်ချင်ဘူး”လို့ ငြင်းဆန်ခွင့်ရှိပါတယ်။ တဖက်က လိင်ဆက်ဆံဖော်ကိုလည်း ထပ်တူအခွင့်အရေးပေးသင့်ပါတယ်။ 

  • လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ပါ။

မကြာခဏ လိင်ဆက်ဆံဖြစ်တယ်၊ လိင်ဆက်ဆံဖော် တစ်ယောက်ထက်ပိုများတယ်ဆိုရင် လိုအပ်တဲ့ စစ်ဆေးမှု‌တွေကို ပုံမှန်ပြုလုပ်သင့်ပါတယ်။တချို့ လိင်ဆက်ဆံခြင်းကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေမှာ ရောဂါလက္ခဏာ မပြတတ်တာကြောင့် ဆေးစစ်မှသာ သိနိုင်ပါတယ်။ စောစောသိပြီး ကုသမှုခံယူခြင်းက နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်ပေးနိုင်ပါတယ်။

  • သားဆက်ခြားနည်းများ အသုံးပြုပါ။ 

ကိုယ်ဝန်ကို မလိုချင်သေးဘူးဆိုရင် သားဆက်ခြားနည်းတွေကို အသုံးပြုသင့်ပါတယ်။

သားဆက်ခြားနည်းတွေထဲမှာ သောက်ဆေး၊ ထိုးဆေး၊ သားအိမ်ထဲထည့်တဲ့ပစ္စည်း စတဲ့နည်းလမ်းတွေ ရှိပါတယ်။ ကိုယ့်အတွက် အသင့်တော်ဆုံးနည်းလမ်းကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ရွေးချယ်သင့်ပါတယ်။

  • မူးယစ်ဆေးနဲ့ စိတ်ကြွစေသောဆေးများ အသုံးပြုခြင်းကိုရှောင်ပါ။ 

မူးယစ်စေတတ်တဲ့ ဆေးဝါးတွေက  ဆုံးဖြတ်ချက်ချနိုင်စွမ်းကို လျော့နည်းစေပြီး မိမိကိုယ်မိမိ သို့မဟုတ် အခြားသူတွေကို ကာကွယ်နိုင်စွမ်း လျော့နည်းသွားစေနိုင်ပါတယ်။

အထူးသတိပြုရမည့်အချက်များ

  • အကာအကွယ်မပါဘဲ လိင်ဆက်ဆံမှု လုံးဝ မပြုလုပ်ပါနဲ့။
  • ကွန်ဒုံးကို နည်းလမ်းမှန်ကန်စွာ အသုံးပြုပါ။
  • လိင်ဆက်ဆံဖော်ရဲ့ ကျန်းမာရေးအခြေအနေကို သေချာ မေးမြန်းပါ။
  • သင်ကိုယ်တိုင်ရော၊ သင့်ရဲ့လိင်ဆက်ဆံဖော်ပါ ကျန်းမာရေးစစ်ဆေးမှုကို ပုံမှန်လုပ်ပါ။
  • မလိုချင်တဲ့ ကိုယ်ဝန်ကို သားဆက်ခြားနည်းလမ်းများဖြင့် ကာကွယ်ပါ။
  • လိင်ဆက်ဆံမှုနဲ့ပတ်သက်ပြီး စိုးရိမ်မှုရှိရင် ဆရာဝန် ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်သူနဲ့ တိုင်ပင်ပါ။
  • Safe Sex လုပ်တာဟာ တာဝန်ယူမှုရှိပြီး လေးစားမှုရှိတဲ့ လုပ်ရပ်တစ်ခုဆိုတာ သတိရပါ။

Safe Sex လုပ်ခြင်းဟာ လိင်ဆက်ဆံမှုကနေ ရောဂါကူးစက်နိုင်ခြေနဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်ရနိုင်ခြေကို အများကြီးလျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ကျန်းမာပျော်ရွှင်တဲ့ လိင်မှုဘဝကို ပိုင်ဆိုင်စေဖို့အတွက်လည်း အထောက်အကူပြုတဲ့အတွက် အတတ်နိုင်ဆုံး လိုက်နာကြစေလိုပါတယ်။ 

Similar Posts