ခွေးကိုက်ခံရရင် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး မဖြစ်မနေ ထိုးဖို့ လိုလား
ခွေးရူးပြန်ရောဂါဆိုတာ မဖြစ်ခင် ကြိုတင်ကာကွယ်နိုင်ပေမဲ့ ရောဂါဖြစ်ပြီးတဲ့အခါ ကုသလို့မရနိုင်ဘဲ အသက်ကိုဆုံးရှုံးရတဲ့အထိ ထိခိုက်စေတဲ့ ရောဂါဖြစ်ပါတယ်။ ဒါကြောင့် ခွေးရူးပြန်ရောဂါ ကူးစက်ခံရနိုင်ခြေ ရှိလာတဲ့ ဘယ်လိုအခြေအနေမျိုးတွေမှာ ကာကွယ်ဆေးထိုးဖို့ လိုအပ်မလဲဆိုတာကို သိရှိထားခြင်းက အရမ်းကို အရေးကြီးပါတယ်။
ခွေးရူးပြန်ရောဂါ ( Rabies ) ဆိုတာ ဘာလဲ။
ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ခွေးမှမဟုတ်ဘဲ ကြောင်၊ မြေခွေး၊ လင်းနို့ စတဲ့ နို့တိုက်သတ္တဝါတွေကနေလည်း လူကို ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိတဲ့ တိရစ္ဆာန်က ကိုက်ခြင်း၊ ကုတ်ခြင်း ဒါမှမဟုတ် ၎င်းတို့ရဲ့ တံတွေးကတစ်ဆင့် လူရဲ့ ခန္ဓာကိုယ်ထဲကို ဗိုင်းရပ်စ်ပိုးတွေ ဝင်ရောက်နိုင်ပါတယ်။ ခွေးရူးပြန်ရောဂါပိုးဟာ အာရုံကြောတွေကို ထိခိုက်စေပြီး ဦးနှောက်နဲ့ အာရုံကြောစနစ်ကိုပါ ပျက်စီးစေနိုင်ပါတယ်။
ဘယ်လို အခြေအနေတွေမှာ ခွေးရူးပြန်ကာကွယ်ဆေးထိုးရမလဲ။
- ခွေးရူးပြန်ရောဂါဖြစ်နိုင်တဲ့ တိရစ္ဆာန်ကိုက်ခြင်း
ခွေးရူးပြန်ရောဂါဖြစ်နိုင်တဲ့ ခွေး၊ ကြောင်၊ မြေခွေး၊ လင်းနို့ ၊ ကြွက် စတဲ့ တိရစ္ဆာန်တွေရဲ့ ကိုက်ခြင်း (သို့) ကုတ်ခြင်းခံရရင် ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါတယ်။
- ကာကွယ်ဆေးထိုးထားခြင်းမရှိသော ခွေးကိုက်ခံရခြင်း
ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးထားခြင်းမရှိတဲ့ ခွေးရဲ့ ကိုက်ခြင်းကို ခံရရင် ကာကွယ်ဆေးထိုးဖို့ လိုအပ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကာကွယ်ဆေးမထိုးထားတဲ့ ခွေးတွေမှာ ခွေးရူးပြန်ရောဂါ ကူးစက်နိုင်ခြေ ပိုများပါတယ်။
- ခွေးရူးပြန်ရောဂါလက္ခဏာများပြသသော ခွေးကိုက်ခံရခြင်း
ခွေးရူးပြန်ရောဂါ လက္ခဏာတွေဖြစ်တဲ့ အကြောင်းမဲ့ ဒေါသထွက်ခြင်း၊ အစားမစားခြင်း၊ တံတွေးများများကျခြင်း စတဲ့ လက္ခဏာတွေကို ပြသနေတဲ့ခွေးရဲ့ ကိုက်ခြင်းကို ခံရရင် ကာကွယ်ဆေးထိုးဖို့ မဖြစ်မနေလိုအပ်ပါတယ်။
- တောရိုင်းတိရစ္ဆာန်များ ကိုက်တာကိုခံရခြင်း
အိမ်မွေးတိရစ္ဆာန်မဟုတ်တဲ့ တောရိုင်းတိရစ္ဆာန်တွေရဲ့ ကိုက်ခြင်းကို ခံရရင် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါတယ်။
- အရေပြားပေါက်ပြဲခြင်းနှင့် သွေးထွက်ခြင်း
ခွေးကိုက်လို့ အရေပြားပေါက်ပြဲပြီး သွေးထွက်တဲ့အထိဖြစ်ရင် ကာကွယ်ဆေးထိုးဖို့ လိုအပ်နိုင်ပါတယ်။
- ခွေးကိုက်ပြီးနောက် ခွေးပျောက်သွားခြင်း
ခွေးကိုက်ခံရပြီးတဲ့နောက် ကိုက်တဲ့ခွေးကို ရှာမတွေ့တော့ဘူးဆိုရင် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ခွေးရဲ့ ကျန်းမာရေးအခြေအနေကို မသိနိုင်တော့တဲ့အတွက်ကြောင့်ပါ။
- ကိုက်တဲ့နေရာနဲ့ အခြေအနေ
ခွေးကိုက်တဲ့နေရာနဲ့ ကိုက်တဲ့အခြေအနေကလည်း ကာကွယ်ဆေးထိုးသင့်၊ မထိုးသင့်ဆိုတာကို ဆုံးဖြတ်ရာမှာ အရေးပါတယ်။ ဥပမာ- ခေါင်း၊ လည်ပင်းနဲ့ လက်တွေလိုမျိုး အာရုံကြောတွေ အများအပြားရှိတဲ့နေရာတွေကို ကိုက်ခံရရင် (သို့) သွေးထွက်တဲ့အထိ ပြင်းပြင်းထန်ထန် ကိုက်ခံရရင် ကာကွယ်ဆေးထိုးဖို့ လိုအပ်နိုင်ပါတယ်။
ခွေးကိုက်ခံရတိုင်း ခွေးရူးပြန် ကာကွယ်ဆေး မဖြစ်မနေထိုးဖို့ လိုတာလား။
ယေဘုယျအားဖြင့်တော့ ကာကွယ်ဆေးထိုးသင့်ပါတယ်။ ခွေးကိုက်တဲ့အခါ အရေးအကြီးဆုံးက ကိုက်တဲ့ခွေးရဲ့ ကျန်းမာရေးအခြေအနေကို စစ်ဆေးကာ ကိုက်တဲ့ခွေးကို ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးစနစ်တကျ ထိုးထားပြီး ကျန်းမာရေးကောင်းမွန်တယ်ဆိုရင် မထိုးကြတဲ့အခြေအနေမျိုးရှိတတ်ပေမယ့် ခွေးရဲ့ ကျန်းမာရေးအခြေအနေ၊ ကိုက်တဲ့နေရာနဲ့ ကိုက်တဲ့အခြေအနေတွေကို သေချာစစ်ဆေးပြီး ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကာ ကာကွယ်ဆေးထိုးသင့်၊ မထိုးသင့် ဆုံးဖြတ်တာက အကောင်းဆုံးပါပဲ။
ခွေးရူးပြန် ကာကွယ်ဆေးကို ခွေးကိုက်ခံရပြီး ဘယ်အချိန်မှာ ထိုးရမလဲ။
ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို ခွေးကိုက်ခံရပြီးတဲ့နောက် အမြန်ဆုံးထိုးသင့်ပါတယ်။ များသောအားဖြင့် ၂၄ နာရီအတွင်း ထိုးသင့်ပြီး ရက်အနည်းငယ်အတွင်း ထိုးရင်လည်း ရောဂါကို ကာကွယ်နိုင်စွမ်းရှိပါတယ်။ ကာကွယ်ဆေးကို အကြိမ်အရေအတွက် အတိအကျထိုးရမှာဖြစ်ပြီး ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာဖို့ အရေးကြီးပါတယ်။
ခွေးကိုက်ခံရတဲ့အခါ ဘာတွေကို အရေးပေါ်လုပ်ဆောင်ဖို့ လိုအပ်လဲ။
- ဒဏ်ရာကို ဆေးကြောပါ : ခွေးကိုက်ခံရတဲ့နေရာကို ရေနဲ့ ဆပ်ပြာကို အသုံးပြုပြီး သေချာဆေးကြောပါ။
- သွေးတိတ်အောင်ပြုလုပ်ပါ : သွေးထွက်နေတယ်ဆိုရင် သန့်ရှင်းတဲ့ အဝတ် (သို့) ပိတ်စတစ်ခုခုနဲ့ ဖိထားပြီး သွေးတိတ်အောင် လုပ်ပါ။
- ပိုးသတ်ဆေးထည့်ပါ : ဒဏ်ရာကို ဆေးကြောပြီးတဲ့နောက် ပိုးသတ်ဆေး (ဥပမာ- Betadine) ထည့်ပါ။
- ဆရာဝန်နဲ့ ချက်ချင်းပြသပါ : ခွေးကိုက်ခံရတဲ့အခါ ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး လိုအပ်တဲ့ ကုသမှုနဲ့ ကာကွယ်ဆေးထိုးဖို့အတွက် ဆွေးနွေးတိုင်ပင်ပါ။
အထူးသဖြင့် ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးတွေ ခွေးကိုက်ခံရရင် သူတို့ရဲ့ ကိုယ်ခံအားစနစ်က အားနည်းနေနိုင်တဲ့အတွက် ရောဂါကူးစက်နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး လိုအပ်တဲ့ ကုသမှုတွေကို ခံယူသင့်ပါတယ်။
ခွေးရူးပြန်ရောဂါဟာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့အတွက် ပေါ့ပေါ့ဆဆ မနေသင့်ပါဘူး။ အကယ်၍ ခွေးကိုက်ခံရရင် အထက်မှာဖော်ပြထားတဲ့ အရေးပေါ်လုပ်ဆောင်မှုတွေကို ချက်ချင်းလုပ်ဆောင်ပြီး ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ အရေးကြီးပါတယ်။
