အရေးပေါ်တားဆေး နဲ့ နေ့စဉ်သောက်တားဆေး
အရေးပေါ်တားဆေးနဲ့ နေ့စဉ်သောက်တားဆေးနှစ်မျိုးလုံးက သားဆက်ခြားပေးနိုင်တဲ့သောက်ဆေးတွေ ဖြစ်ကြပေမဲ့ အသုံးပြုရတဲ့ပုံစံ၊ အသုံးဝင်ပုံချင်း မတူညီကြပါဘူး။ ဒီနှစ်မျိုးက ဘယ်လိုကွာခြားလဲ၊ ဘယ်အခြေအနေမှာ ဘယ်ဆေးကို ရွေးသုံးသင့်လဲဆိုတာကို အသေးစိတ်ပြောပြပေးသွားပါမယ်။
အရေးပေါ်တားဆေး (Emergency Contraceptive Pills – ECPs)
အရေးပေါ်တားဆေးဆိုတာ အကာအကွယ်မပါဘဲ လိင်ဆက်ဆံမှုပြီးနောက် ဒါမှမဟုတ် ရေရှည်သားဆက်ခြားနည်းလမ်းတစ်ခုခု ပျက်ကွက်သွားတဲ့အခါမျိုးမှာ မလိုလားအပ်တဲ့ ကိုယ်ဝန်ကို တားဆီးဖို့အတွက် အသုံးပြုတဲ့ဆေးဖြစ်ပါတယ်။ ဥပမာ – ကွန်ဒုံးပေါက်သွားတာ၊ ဆေးသောက်ဖို့ မေ့သွားတာ စတဲ့အခြေအနေမျိုးတွေမှာ အသုံးပြုနိုင်ပါတယ်။
အရေးပေါ်တားဆေး ဘယ်လိုအလုပ်လုပ်လဲ
အရေးပေါ်တားဆေးဟာ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲမှာ မျိုးဥထွက်ခြင်းကို ရပ်တန့်စေခြင်း၊ နောက်ဆုတ်စေခြင်း ဒါမှမဟုတ် သုတ်ပိုးနဲ့ မျိုးဥတွေ့ဆုံမှုကို ကာကွယ်ပေးခြင်းအားဖြင့် ကိုယ်ဝန်ကို တားဆီးပေးပါတယ်။ ဒါပေမဲ့ အရေးပေါ်တားဆေးဟာ ကိုယ်ဝန်ဆောင်ပြီးသားကို ဖျက်ချတဲ့ဆေး မဟုတ်ပါဘူး။
အရေးပေါ်တားဆေးကို ဘယ်လို အသုံးပြုရမလဲ
အရေးပေါ်တားဆေးကို အကာအကွယ်မပါဘဲ လိင်ဆက်ဆံမှုပြုပြီးနောက် စောနိုင်သမျှ အစောဆုံးသောက်သုံးသင့်ပါတယ်။ ဆေးအမျိုးအစားအလိုက် အကာအကွယ်မဲ့လိင်ဆက်ဆံမှုပြီးပြီးချင်း ၇၂ နာရီအတွင်း သောက်သုံးနိုင်တဲ့ဆေးရှိသလို နာရီ ၁၂၀ အတွင်း သောက်သုံးနိုင်တဲ့ဆေးလဲရှိပါတယ်။ နှစ်မျိုးလုံးမှာတော့ အစောဆုံးသောက်လေ ပိုပြီးထိရောက်လေပါပဲ။
အရေးပေါ်တားဆေးရဲ့ ဘေးထွက်ဆိုးကျိုးများ
အရေးပေါ်တားဆေးသောက်သုံးပြီးတဲ့နောက်မှာ ခေါင်းကိုက်တာ၊ ပျို့အန်တာ၊ ဗိုက်အောင့်တာ၊ ရာသီမမှန်တာ စတဲ့ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ ဒီလိုဘေးထွက်ဆိုးကျိုးတွေဟာ များသောအားဖြင့် ရက်အနည်းငယ်အတွင်း ပျောက်ကင်းသွားပါတယ်။
အရေးပေါ်တားဆေးရဲ့ အားသာချက်နဲ့ အားနည်းချက်
ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီး မလိုလားအပ်တဲ့ ကိုယ်ဝန်ကို ကာကွယ်ဖို့ အမြန်ဆုံးနဲ့ လွယ်ကူတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့
ပုံမှန်သောက်သုံးဖို့ မသင့်တော်ဘဲ အရေးပေါ်အခြေအနေမှာသာ သုံးသင့်ပါတယ်။ ရာသီစက်ဝန်းကို ပြောင်းလဲစေနိုင်ပါတယ်။

နေ့စဉ်သောက်တားဆေး (Daily Birth Control Pills/Oral Contraceptives)
နေ့စဉ်သောက်တားဆေးဆိုတာ အမျိုးသမီးတွေ မလိုလားအပ်တဲ့ ကိုယ်ဝန်ကို တားဆီးဖို့အတွက် နေ့စဉ်ပုံမှန်သောက်သုံးရတဲ့ သားဆက်ခြားဆေးဖြစ်ပါတယ်။
နေ့စဉ်သောက်တားဆေး ဘယ်လိုအလုပ်လုပ်လဲ
နေ့စဉ်သောက်တားဆေးတွေဟာ ဟော်မုန်းနှစ်မျိုး (အီစထရိုဂျင်နဲ့ ပရိုဂျက်စတီရုန်း) ဒါမှမဟုတ် ပရိုဂျက်စတီရုန်း တစ်မျိုးတည်းပါဝင်တဲ့ ဆေးတွေဖြစ်ပြီး မျိုးဥထွက်ခြင်းကို ရပ်တန့်စေခြင်း၊ သားအိမ်ခေါင်းရှိ အကျိအချွဲတွေကို ထူထဲစေခြင်း၊ သုတ်ပိုးတွေ သားအိမ်ထဲကို မဝင်ရောက်နိုင်အောင် တားဆီးပေးခြင်းအားဖြင့် ကိုယ်ဝန်ကို တားဆီးပေးပါတယ်။
နေ့စဉ်သောက်တားဆေးကို ဘယ်လို အသုံးပြုနိုင်လဲ
နေ့စဉ်သောက်တားဆေးကို နေ့တိုင်း တစ်ချိန်တည်းမှာ မှန်မှန်သောက်သုံးဖို့ လိုအပ်ပါတယ်။ရာသီစက်ဝန်းရဲ့ ပထမရက်မှာစသောက်မယ်ဆို အသင့်တော်ဆုံးဖြစ်ပြီး အခြားရက်တွေမှာ စသောက်မယ်ဆို စတင်သောက်တဲ့ရက်ကနေ ၇ ရက်အတွင်း အတူနေတဲ့အခါ အကာအကွယ်သုံးပေးသင့်ပါတယ်။
နေ့စဉ်သောက်တားဆေးရဲ့ ဘေးထွက်ဆိုးကျိုးများ
နေ့စဉ်သောက်တားဆေးသောက်သုံးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေက တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပေမဲ့ အချို့အမျိုးသမီးတွေမှာ ခေါင်းကိုက်တာ၊ ပျို့အန်တာ၊ ရင်သားနာကျင်တာ၊ ကိုယ်အလေးချိန်ပြောင်းလဲတာ၊ စိတ်အပြောင်းအလဲမြန်တာ စတဲ့ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ ဆေးကိုစသောက်တဲ့အချိန်မှာ ဒီလိုမျိုးဘေးထွက်ဆိုးကျိုးတွေ ပိုဖြစ်တတ်ပြီး ရက်အနည်းငယ်ကြာရင် သက်သာသွားတတ်ပါတယ်။
နေ့စဥ်သောက်တားဆေးရဲ့ အားသာချက်များနဲ့ အားနည်းချက်များ
မှန်မှန်သောက်သုံးရင် ကိုယ်ဝန်တားဆီးရာမှာ အလွန်ထိရောက်ပြီး ရာသီစက်ဝန်းကို မှန်စေနိုင်ပါတယ်။ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။ ဒါပေမဲ့ နေ့တိုင်းမပျက်မကွက်သောက်သုံးဖို့ အရေးကြီးပြီး လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို မကာကွယ်နိုင်ပါဘူး။
ဘာအတွက် ဘယ်ဆေးကိုရွေးရမလဲ
အရေးပေါ်တားဆေးကို အကာအကွယ်မပါဘဲ လိင်ဆက်ဆံမှုပြုမိတဲ့အခါ ဒါမှမဟုတ် အခြားပုံမှန်အသုံးပြုနေကျ သားဆက်ခြားနည်းလမ်း ပျက်ကွက်သွားတဲ့အခါမျိုးစတဲ့ အရေးပေါ်အခြေအနေအတွက် သုံးသင့်ပါတယ်။ ပုံမှန်သောက်သုံးဖို့ မသင့်တော်ပါဘူး။
နေ့စဉ်သောက်တားဆေးကို ကိုယ်ဝန်ကို ပုံမှန်တားဆီးချင်တဲ့ အမျိုးသမီးတွေအတွက် သင့်တော်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး မိမိနဲ့သင့်တော်တဲ့ ဆေးအမျိုးအစားကို ရွေးချယ်သင့်ပါတယ်။ နေ့စဉ်သောက်သုံးဖို့အတွက် ဒီဆေးကို ရွေးချယ်သင့်ပါတယ်။
အရေးပေါ်တားဆေးနဲ့ နေ့စဉ်သောက်တားဆေး နှစ်ခုစလုံးဟာ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို မကာကွယ်နိုင်ပါဘူး။ လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေကို ကာကွယ်နိုင်ဖို့ ကွန်ဒုံးကိုတွဲဖက်အသုံးပြုနိုင်ပါတယ်။ သားဆက်ခြားနည်းလမ်ရွေးချယ်တဲ့အခါ နည်းလမ်းတစ်ခုချင်းစီကို သေချာနားလည်အောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကာ မိမိနဲ့အသင့်တော်ဆုံးနည်းကို ကိုယ်တိုင်ရွေးချယ်နိုင်စေဖို့အတွက် အကြံပြုတိုက်တွန်းလိုက်ပါတယ်။
