မေမေတို့ဘယ်အချိန်မှာ ဗိုက်အပ် ကြမလဲ ?
ကိုယ်ဝန်ဆောင်ချိန်ကာလ (gestation period) ကို အဓိကအားဖြင့် အပိုင်း (၃) ပိုင်း ပိုင်းခြားလို့ရပါတယ်။
- ကိုယ်ဝန်စရှိကာစကနေ ကိုယ်ဝန်သုံးလ (သို့) ၁၃ပတ် အထိကို ပထမပိုင်း (first trimester) ၊
- ကိုယ်ဝန်လေးလကနေ ၆ လအထိ (သို့) ၂၇ ပတ်အထိကို ဒုတိယ ပိုင်း (second trimester)၊
- ကိုယ်ဝန် ၇ လကနေ ၁၀ လအထိ (သို့) ၄၀ ပတ်ထိ ကို တတိယပိုင်း (third trimester) လို့ ပိုင်းခြားနိုင်ပါတယ်။
![](https://health.z-waka.com/wp-content/uploads/2024/12/Z-waka-Template-43-1-948x1024.jpg)
ကိုယ်ဝန်အပ်ဖို့ (ဗိုက်အပ်) ဖို့ကို တော့ နိုင်ငံတကာမှာ ကိုယ်ဝန် (၈) ပတ်ကနေစပြီး ဆရာဝန်ဆီသွားသင့်တယ် လို့ ဆိုပါတယ်။ ကျွန်တော့်အနေနဲ့ အကြံပေးရမယ်ဆိုရင် အနည်းဆုံးတော့ first trimester လို့ခေါ်တဲ့ ကိုယ်ဝန်ပထမပိုင်း အတွင်း (၁၃ ပတ်အတွင်း) မှာ သွားသင့်ပါတယ်။ သင်ဆရာဝန်ကို ပထမဆုံးသွားပြမယ်ဆိုရင်တော့ သင့်မှာလုပ် ဆောင်စရာလေးတွေ များပါလိမ့်မယ်။
ဆရာဝန်က သင့်ကိုဦးစွာ မေးခွန်းတွေမေးပါလိမ့်မယ်။ အထူးသဖြင့် နောက်ဆုံးရာသီလာခဲ့တဲ့ အခေါက်ရဲ့ ပထမရက် (first day of last menstrual period) ကိုမေးပြီး သင့်ကို due date တွက်ပေးပါလိမ့်မယ်။ ဒါ့ပြင် သင့်ရဲ့ အသက် အရွယ်၊ အရပ်အမောင်း၊ ကိုယ်အလေးချိန်၊ ယခင်က ကိုယ်ဝန်ဆောင်ဖူးခြင်း၊ ကိုယ်ဝန်ဆောင်ချိန်အတွင်း ပြဿနာများ၊ နဂိုရှိရင်းစွဲရောဂါ စတာတွေကို မေးပြီး သင့်ရဲ့ ကိုယ်ဝန်ဆောင်မှတ်တမ်းကတ်ထဲမှာ မှတ်သားထားပါလိမ့်မယ်။ နောက်ပြီး သင့်ကို အာထရာဆောင်းရိုက်ခိုင်းမယ်။
နောက်တစ်ခုကတော့ သွေးစစ်ခြင်းပါ။ မြန်မာနိုင်ငံမှာကတော့ အဓိကအားဖြင့် အသည်းရောင်အသားဝါ ဘီပိုး၊ အသည်းရောင် အသားဝါ စီပိုး၊ HIV ပိုး၊ ကာလသားရောဂါပိုး စတဲ့ မွေးဖွားရင်း သန္ဒေသားကို ကူးစက်နိုင်တဲ့ ရောဂါပိုးတွေ ရှိမရှိ အရင်ဦးစွာ စစ်ဆေးပါတယ်။
ဒီလိုစစ်ဆေးတာက အရေးကြီးသလားလို့ မေးစရာရှိပါတယ်။ အလွန်အရေးကြီးပါတယ်။ ဒီရောဂါတွေ အားလုံးဟာ ကိုယ်ဝန်ဆောင်မိခင်ကတစ်ဆင့် သန္ဒေသားကို ကူးစက်နိုင်တဲ့ ရောဂါတွေဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါတွေထဲက တစ်ခုခုရှိပြီဆိုတာနဲ့ ကိုယ့်ကို မွေးပေးမယ့် ဆရာဝန်က မွေးဖွားမှုပုံစံကို ကြိုတင်ပြင်ဆင်လို့ရတယ်။ အကြမ်းအား ဖြင့် နားလည်အောင်ပြောရမယ်ဆိုရင် အားလုံးသိကြတဲ့ အတိုင်း မွေးဖွားနည်း နှစ်နည်း ဖြစ်တဲ့ ခွဲမွေးတာနဲ့၊ ရိုးရိုးမွေးတာမှာ ရောဂါကူးစက်မှုနှုန်းက မတူကြပါဘူး။
ရိုးရိုးမွေးတာဟာ မိခင်စနာတဲ့အချိန်ကနေစပြီးတော့ ရေမွှာပေါက်မယ်၊ အခါ မသင့်ရင် ရေမွှာရည်တွေ ကလေးပါးစပ်ထဲ ဝင်နိုင်တယ်။ ကလေးရေမွန်းနိုင်တယ်။ ဒါ့ကြောင့် မိခင်မှာသာ ကူးစက်ရောဂါတစ်မျိုးမျိုးရှိမယ်ဆိုရင် ရိုးရိုးမွေးတာက သန္ဒေသားကို ကူးစက်ဖို့ ရာခိုင်နှုန်းပိုများတယ်။
ဒါကြောင့် မိခင်မှာ ကူးစက် ရောဂါပိုး တစ်ခုခု ရှိနေကြောင်း ဆရာဝန်သိရင်တော့ သူက စပြီး ဘယ်လိုမွေးမယ် ဆိုတာကို တာဝန်ယူစီစဉ်ပေး၊ အကြံပေးပြီး ကူးစက်နိုင်မှု အနည်းဆုံးဖြစ်အောင် ကြိုတင်စီစဉ်လို့ရပါတယ်။ ဒါ့အပြင် အချို့သော ကူးစက်ရောဂါများဟာ မိခင်မှာ ရောဂါပိုးရှိမှန်း ကြိုတင်သိခဲ့ရင် မိခင်ကို ဆေးထိုးခြင်းဖြင့် ကလေးကို ကူးစက်မှု လျော့ကျအောင် ကာကွယ်လို့ရပါတယ်။ မိခင်မှာ ကူးစက်ရောဂါတစ်ခုခု ရှိနေပြီဆို ရင် မွေးဖွားပြီးအချိန်ကျရင် ကလေးကို မိခင်နို့တိုက်သင့်၊ မတိုက်သင့် ဆရာဝန်က ကြိုတင်အကြံပြုနိုင်မှာဖြစ်ပါတယ်။
By Steven
#AntenatalCare
#We_R_z_waka