သိမှတ်ဖွယ်ရာ ဆီးကျိတ်ရောဂါ
ဒီနေ့ကတော့ ဆီးကျိတ်ကြီးခြင်း နှင့် ပတ်သက်ပြီး သိထားသင့်သည်များကို ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။
ပထမဦးဆုံး ဆီးကျိတ်ရောဂါ အကြောင်း အနည်းငယ် ပြောပြပါ့မယ်။
ဆီးကျိတ် သည်အမျိုးသားများတွင်သာရှိသော အညိုရောင် အကျိတ်တခုဖြစ်ပါတယ်။ ၄င်း ဆီးကျိတ်သည် ဆီးအိမ်ရဲ့ အောက်ဘတ် အူမပြီးရှေ့ဘက် နှင့် ကျဉ်ကြောင်း (urethra)နားတွင် တည်ရှိပါတယ်။ သူ့ရဲ့အဓိက လုပ်ငန်းဆောင်တာကတော့ လိင်ဆက်ဆံပြီးနောက် အမျိုးသားများ သုတ်ရည်ထွက်ရာတွင် အဓိကပါဝင်ပြီး ဆီးကျိတ်မှထုတ်လုပ်သော ဓာတ်ပစ္စည်းများသည် သုတ်ရည်အတွင်းရှိ သုတ်ကောင်လေးများ ရှင်သန်နေစေရေး တွင် အထောက်အကူပေးပါသည်။
ဆီးကျိတ်ကြီးခြင်း
ဆီးကျိတ်ကြီးခြင်းကို ဆေးပညာမှာ Benign Prostate Hyperplasia (BPH) ရယ်လို့ ခေါ်ကြပါတယ်။ ဆီးကျိတ် ဘာကြောင့်ကြီးရလဲ ဆိုတဲ့ အကြောင်းရင်း ယနေ့ထိ သေချာမသိသေးပါ။အမျိုးသားတစ်ယောက် အနေနဲ့ လူပျိုဖော်ဝင်စ အချိန်မှစတင်၍ ဆီးကျိတ် တဖြည်းဖြည်း ကြီးလာပါတယ်။အသက် ၆၀အရွယ် အမျိုးသား ၃၀% ခန့်နှင့် အသက်၈၀ဝန်းကျင် အမျိုးသား ၅၀% ခန့် သည် ဆီးကျိတ် ကြီးခြင်း ကြောင့် ဖြစ်ပေါ်သော ရောဂါလက္ခဏာ များ ခံစားရလေ့ရှိပါတယ်။အထူးသတိပြုရမှာက ဆီးကျိတ်ကြီးခြင်းသည် ဆီးကျိတ် ကင်ဆာ မဟုတ်ပါ။ ဆီးကျိတ်သည် ကြီးလာရာမှ ကင်ဆာသို့မပြောင်းတတ်ပါ။ သို့သော် ဆီးကျိတ်ကြီးခြင်းနှင့် ဆီးကျိတ် ကင်ဆာ သည် တစ်ပြိုင်တည်း ဖြစ်တတ်ပါတယ်။
ဆီးကျိတ်ကြီးရောဂါ ဖြစ်နိုင်သော အခြေအနေများ
- အသက်အရွယ်ကြီးလာခြင်း
- မျိုးရိုးထဲတွင် ဆီးကျိတ်ကြီးသူများရှိခြင်း
- နှလုံးရောဂါနှင့် ဆီူချိုရောဂါ အခံရှိခြင်း
- ကိုယ်လက်လှုပ်ရှား မှုနည်းခြင်း
- အဝလွန်ခြင်း
ဆီးကျိတ်ကြီးခြင်းကြောင့် ရောဂါလက္ခဏာများ
- ဆီးမကြာခဏသွားချင် ခြင်း
- ညဘက် ခဏခဏဆီးထသွားနေရခြင်း
- ဆီးစပေါက်ရန် ခက်ခဲ ခြင်း
- ဆီးလုံးသေးခြင်း
- ဆီး အဝေးသို့မရောက်ခြင်း
- ဆီးမဝခြင်း
- ဆီးပိုးဝင်ခြင်း
- ဆီးလုံးဝ မထွက်ခြင်း
- ဆီးထဲ သွေးပါခြင်း
အမှတ်စဉ် ၇၊၈နှင့် ၉ သည် တွေ့ရခဲသော လက္ခဏာများ ဖြစ်သော်ငြားလဲ ထိုလက္ခဏာများခံစားရပါက အမြန်ဆုံး ဆရာဝန်နှင့်ပြသ သင့်ပါတယ်။
ဆီးကျိတ်ကြီးခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများ
- ရုတ်တရက် ဆီးလုံးဝ သွားလို့ မရတော့ခြင်း
- ဆီးအိမ်တွင် ဆီးကျန်ခြင်းကြောင့် ဆီးပိုးဝင်ခြင်း
- ဆီးကျောက်တည်ခြင်း
- ကျောက်ကပ်ပျက်ခြင်း တို့ဖြစ်နိုင်ပါတယ်။
ဆီးကျိတ်ကြီးခြင်းကို မည်သည့်နည်းဖြင့်ကုသနိုင်ပါသလဲ။
ယနေ့ခေတ်တွင် ဆီးကျိတ်ကြီးခြင်းကို ကုသပေးနိုင်သောဆေးဝါးများ ရှိနေပြီဖြစ်ပါတယ်။ သို့သော်ထိုဆေးများမှာ ဆီးကျိတ်ကို သေးအောင် မစွမ်းဆောင်နိုင်ပါ။ ပိုမကြီးလာအောင်သာ ထိန်းပေးနိုင်ပါတယ်။ ထို့ကြောင့်ဆီးကျိတ် အလွန်ကြီးသော အဆင့်မရောက်ခင် စောလျင်စွာ သိရှိနိုင်ရန် လိုအပ်ပါတယ်။
ဆီးကျိတ်အလွန်ကြီးလာပါက ဆီးကျိတ်ခြစ်ထုတ်ခြင်း၊ ဆီးကျိတ်ခွဲစိတ် ကုသခြင်း တို့ ပြုလုပ်ရပါမယ်။
ဆီးကျိတ်ရောဂါမဖြစ်အောင် ကာကွယ်လို့ရပါသလား။
ဆီးကျိတ်ကြီး ရောဂါ ကာကွယ်ရန် တိကျသောနည်းလမ်း မရှိပါ။။ သို့သော် ကိုယ်လက်လှုပ်ရှားပြုလုပ်ခြင်း၊ဝိတ်လျော့ခြင်း၊ လတ်ဆတ်သော အသီးအနှံ၊ဟင်းသီးဟင်းရွက်များစားခြင်းစသည် တို့ကို ပြုလုပ်ပေးခြင်းဖြင့် ရောဂါ မဆိုးဝါးအောင် ကာကွယ်နိုင်ပါတယ်။
Dr Htet