သားအိမ်ခေါင်းကင်ဆာ အကြောင်းသိကောင်းစရာများ
သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုအခြေအနေ
သားအိမ်ခေါင်းကင်ဆာသည် ကမ္ဘာတဝှမ်းတွင် အမျိုးသမီးများ၌ စတုတ္ထမြောက်အဖြစ်အများဆုံးကင်ဆာဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများမှ အမျိုးသမီးများတွင် ဒုတိယမြောက်အဖြစ်အများဆုံး ကင်ဆာဖြစ်ပါသည်။
(၂၀၁၈)ခုနှစ် စာရင်းများအရ ကမ္ဘာတဝှမ်းလုံး၌ နှစ်စဉ်အမျိုးသမီး (၆)သိန်းခန့်တွင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားခဲ့၍ ၎င်းတို့အနက် (၃)သိန်းကျော် သေဆုံးခဲ့ပါသည်။
သားအိမ်ခေါင်းကင်ဆာသည် မြန်မာနိုင်ငံ၌ အမျိုးသမီးများ(အသက်အရွယ်အားလုံး)တွင် ဖြစ်လေ့ရှိသော ကင်ဆာအားလုံး၏(၂၃.၅)ရာခိုင်နှုန်းဖြစ်ပါသည်။ ၎င်းသားအိမ်ခေါင်းကင်ဆာသည်ပင် အသက် (၁၅) နှစ်မှ (၄၄)နှစ် အမျိုးသမီးများတွင် အဖြစ်အများဆုံးကင်ဆာဖြစ်သည့်အပြင် ကင်ဆာကြောင့် သေဆုံးရခြင်း၏ အဓိကအကြောင်းရင်းဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် (၂၀၁၆)ခုနှစ်က ပြုလုပ်သော စစ်တမ်းအရ သားအိမ်ခေါင်းကင်ဆာလူနာများတွင် DNA GeneXpert HPV Assay စစ်ဆေးရာ (၈၆)ရာခိုင်နှုန်းသောလူများတွင် အန္တရာယ်များသောအမျိုးအစားဖြစ်သည့် (၁၆)နှင့် (၁၈) ကူးစက်ခံထားရကြောင်းတွေ့ရှိခဲ့ပါသည်။
အိတ်ချ်ပီဗီပိုး(Human Papillomavirus) နှင့် သားအိမ်ခေါင်းကင်ဆာ
အိတ်ချိပီဗီပိုးသည် မျိုးပွားလမ်းကြောင်းတွင် အဓိကကူးစက်တတ်သော ရောဂါပိုးဖြစ်၍ အမျိုးအစား(၁၀၀) ကျော်ရှိပြီး ၎င်းတို့အနက်(၁၄)မျိုးသည် အန္တရာယ်များသောဗိုင်းရပ်စ်ပိုးများဖြစ်ပါသည်။ သားအိမ်ခေါင်းကင်ဆာအများစုသည် အန္တရာယ်များသော အိတ်ချ်ပီဗီပိုးနှင့် ဆက်စပ်မှုရှိပါသည်။ အိတ်ချ်ပီဗီပိုးသည် လိင်ဆက်ဆံခြင်းနှင့် အရေပြားထိတွေ့ခြင်းများမှတဆင့်ကူးစက်ပြီး (မည်သူမဆို) လူ့သက်တမ်းဘဝတလျောက်လုံးတွင် အချိန်မရွေးရောဂါပိုးဝင်ရောက်နိုင်ပါသည်။
သားအိမ်ခေါင်းကင်ဆာ ရောဂါလက္ခဏာများ
သားအိမ်ခေါင်းကင်ဆာသည် ရှေ့ပြေးကင်ဆာအဆင့်တွင် လက္ခဏာမပြတတ်ပါ။ကင်ဆာရောဂါအဆင့်ရောက်မှသာ အောက်ပါရောဂါလက္ခဏာများပြတတ်ပါသည်။
ကင်ဆာဖြစ်ခါစတွင် တွေ့ရသောလက္ခဏာများ
- မူမမှန်သွေးဆင်းခြင်း၊
- ရာသီသွေးပေါ်ပြီး/ရာသီတကြိမ်နှင့်တကြိမ်အကြားသွေးဆင်းခြင်း၊
- မိန်းမကိုယ်မှ အရိအရွဲများဆင်းခြင်း(တခါတရံအပုပ်နံ့ထွက်ခြင်း)၊
- ရာသီသွေးဆုံးပြီးနောက် သွေးပြန်ဆင်းခြင်း၊
- လိင်ဆက်ဆံပြီးနောက် သွေးဆင်းခြင်း၊
ကင်ဆာနောက်ဆုံးအဆင့်တွင် တွေ့ရသော လက္ခဏာများ
- ပင်ပန်းနွမ်းနယ်ခြင်း၊
- ကိုယ်အလေးချိန်ကျဆင်းခြင်း၊
- ခံတွင်းပျက်ခြင်း၊
- တင်ပဆုံခွက်၊
- ခါးနှင့် ခြေထောက်တလျှောက်နာခြင်း၊
- အင်္ဂါများတွင် အပေါက်များဖြစ်သော ဗရင်ဂျီနာ (Fistula)တို့ဖြစ်ပါသည်။
သားအိမ်ခေါင်းကင်ဆာ၏ နောက်ဆက်တွဲပြဿနာများ
ကင်ဆာရောဂါအဆင့်လွန်သောအခါအောက်ပါနောက်ဆက်တွဲပြဿနာများ ဖြစ်လာနိုင်ပါသည်။ အခြားကိုယ်ခန္ဓာအစိတ်အပိုင်းများထံပျံ့နှံ့ခြင်း(ဆီးအိမ်၊မိန်းမကိုယ်၊အူမကြီးနှင့် နောက်ပိုင်းတွင် အူသိမ်၊ဆီးပြွန်၊အသည်းနှင့်ကျောက်ကပ်သို့ကင်ဆာဆဲလ်များ ပျံ့နှံ့ခြင်းဖြစ်၍ သေဆုံးနိုင်ပါသည်။)
အိတ်ချ်ပီဗီကာကွယ်ဆေးအကြောင်း သိကောင်းစရာ
မြန်မာနိုင်ငံတွင်အသုံးပြုမည့် အိတ်ချ်ပီဗီကာကွယ်ဆေးသည် လေမျိုးစပ်အိတ်ချ်ပီဗီကာကွယ်ဆေးဖြစ်ပြီး (၂၀၁၉) ခုနှစ်၊ ဇူလိုင်လအထိ ကမ္ဘာ့နိုင်ငံပေါင်း (၁၀၀)ကျော်၏ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် ထည့်သွင်းထိုးနှံနေပြီဖြစ်ပါသည်။ အဆိုပါနိုင်ငံများတွင် လိင်အင်္ဂါကြွက်နို့နှင့် သားအိမ်ခေါင်းရှေ့ပြေးကင်ဆာဖြစ်ပွားမှုနှုန်းလျော့ကျလာသည်ကို တွေ့ရှိရပါသည်။ အိတ်ချ်ပ်ပီဗီကာကွယ်ဆေးသည် အိတ်ချ်ပီဗီပိုးနှင့် စတင်ထိတွေ့ခြင်းမရှိမီထိုးနှံပေးမှသာ ရောဂါပိုးကူးစက်ခံရခြင်းမှ ထိရောက်စွာကာကွယ်နိုင်မည်ဖြစ်၍ သတ်မှတ်ထားသောအရွယ်တွင် လွှမ်းခြုံမှုနှုန်းအမြင့်မားဆုံးထိုးနှံနိုင်ရန်အရေးကြီးပါသည်။
သားအိမ်ခေါင်းကင်ဆာ ကာကွယ်ခြင်းနှင့်ကုသခြင်း
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ပြီးပြည့်စုံသောသားအိမ်ခေါင်းကင်ဆာ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် ပဏာမအဆင့်ကာကွယ်ခြင်း၊ဒုတိယအဆင့်ကာကွယ်ခြင်း၊ တတိယအဆင့်ကာကွယ်ခြင်းများပါဝင်ပါသည်။ သားအိမ်ခေါင်းကင်ဆာအများစုသည် ပဏာမအဆင့်ကာကွယ်ခြင်း ဖြစ်သည့် အိတ်ချ်ပီဗီကာကွယ်ဆေးထိုးခြင်း၊ ဒုတိယအဆင့်ကာကွယ်ခြင်းဖြစ်သည့် သားအိမ်ခေါင်းကင်ဆာအကြိုအဆင့် စစ်ဆေးခြင်းနှင့် တတိယအဆင့်ကာကွယ်ခြင်းဖြစ်သည့် လိုအပ်သောကုသခြင်းတို့ကိုတပြိုင်နက် လုပ်ဆောင်ခြင်းတို့ဖြင့် ထိရောက်စွာကာကွယ်နိုင်ပါသည်။
SOURCE – ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
#CervicalCancer #WomenHealthIssue
#We_R_z_waka