ဓမ္မတာ မမှန်ခြင်းရဲ့နောက်ကွယ်
အမျိုးသမီးတွေမှာ ဓမ္မတာ မှန်မှန်လာဖို့ဆိုတာ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးအတွက်တင်မကဘဲ အလုံးစုံကျန်းမာရေးနဲ့ ဘဝအရည်အသွေးအတွက်ပါ အရေးကြီးပါတယ်။ ဓမ္မတာမမှန်ခြင်းက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေလုပ်ကာ သင့်တော်တဲ့ ကုသမှုတွေကို ခံယူသင့်ပါတယ်။
အမျိုးသမီးတွေမှာ ဓမ္မတာ မမှန်ခြင်းရဲ့ အဓိက အကြောင်းအရင်းတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။
ဟော်မုန်းမညီမျှခြင်း (Hormonal Imbalance)
- အီစထရိုဂျင် (Estrogen) နဲ့ ပရိုဂျက်စတီရုန်း (Progesterone) အပြောင်းအလဲ: ဒီဟော်မုန်းနှစ်မျိုးဟာ ဓမ္မတာစက်ဝန်းကို ထိန်းချုပ်ပေးပြီး ဟော်မုန်းပမာဏ အပြောင်းအလဲဖြစ်တဲ့အခါ ဓမ္မတာမမှန်တာမျိုး ဖြစ်တတ်ပါတယ်။ အပျိုဖော်ဝင်စနဲ့ သွေးဆုံးခါနီးအချိန်တွေမှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဓမ္မတာမမှန်တာတွေ ဖြစ်တတ်ပါတယ်။
- Polycystic Ovary Syndrome – PCOS : PCOS လို့ခေါ်တဲ့ မမျိုးဥအိမ်ရေအိတ်တည်ရောဂါ ဆိုတာ ဟော်မုန်းမညီမျှခြင်းကြောင့်ဖြစ်တဲ့ ရောဂါတစ်ခုဖြစ်ပြီး ဓမ္မတာမမှန်ခြင်း၊ ဝက်ခြံထွက်ခြင်း၊ ကိုယ်အလေးချိန်တက်ခြင်းနဲ့ မျိုးအောင်နိုင်စွမ်း ကျဆင်းခြင်း စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
- သိုင်းရွိုက်ဂလင်းပြဿနာများ: သိုင်းရွိုက်ဂလင်းဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းချုပ်ပေးတဲ့အတွက် သိုင်းရွိုက်ဟော်မုန်း များလွန်းတာ (hyperthyroidism) ဒါမှမဟုတ် နည်းလွန်းတာ (hypothyroidism) တွေဟာ ဓမ္မတာမမှန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
- Prolactin ဟော်မုန်းများလွန်းခြင်း : Prolactin ဆိုတာ နို့ထွက်စေတဲ့ ဟော်မုန်းတစ်မျိုးပါ။ ဒီဟော်မုန်းပမာဏ များလွန်းရင်လည်း ဓမ္မတာမမှန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
နေ့စဉ် နေထိုင်မှုပုံစံနဲ့ ဆက်နွယ်တဲ့ အကြောင်းရင်းများ
- စိတ်ဖိစီးမှု : စိတ်ဖိစီးမှုများခြင်းဟာ ဟော်မုန်းတွေကို ပြောင်းလဲစေနိုင်ပြီး ဓမ္မတာစက်ဝန်းကို ထိခိုက်စေနိုင်ပါတယ်။
- ကိုယ်အလေးချိန် အပြောင်းအလဲ : ကိုယ်အလေးချိန် အရမ်းများလွန်းတာ ဒါမှမဟုတ် အရမ်းနည်းလွန်းတာတွေဟာ ဓမ္မတာကို မမှန်စေနိုင်ပါဘူး။ အစားအသောက်ကို အလွန်အကျွံလျှော့စားတာ ဒါမှမဟုတ် အလွန်အကျွံစားတာတွေကလည်း ဓမ္မတာကို ထိခိုက်စေနိုင်ပါတယ်။
- လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်း : လေ့ကျင့်ခန်းကို အလွန်အကျွံလုပ်တာဟာ ခန္ဓာကိုယ်ရဲ့ စွမ်းအင်ကို ကုန်ခမ်းစေပြီး ဟော်မုန်းမညီမျှမှုတွေ ဖြစ်စေနိုင်ပါတယ်။
သားအိမ်နဲ့ သားဥအိမ်ဆိုင်ရာ ပြဿနာများ
- သားအိမ်အတွင်းသား ရောဂါ (Endometrial Polyps or Hyperplasia): သားအိမ်အတွင်းသားမှာ အသားပိုတွေ ဒါမှမဟုတ် အလွှာထူလာတာတွေ ဖြစ်ရင် ဓမ္မတာသွေးဆင်း များတာ ဒါမှမဟုတ် ကြားရက်တွေမှာ သွေးဆင်းတာတွေ ဖြစ်နိုင်ပါတယ်။
- သားအိမ်အလုံး (Uterine Fibroids): သားအိမ်မှာ အလုံးအကျိတ်တွေ ဖြစ်ပေါ်လာရင်လည်း ဓမ္မတာသွေးဆင်း များတာနဲ့ ကြာရှည်တာတွေကို ဖြစ်စေနိုင်ပါတယ်။
- သားအိမ်ကင်ဆာ (Uterine Cancer): အချို့သောသူတွေမှာ ဓမ္မတာမမှန်ခြင်းက ကင်ဆာရဲ့ လက္ခဏာတစ်ခုအဖြစ်လည်း တွေ့ရတတ်ပါတယ်။
- သားဥအိမ်အကျိတ် (Ovarian Cysts): သားဥအိမ်မှာ အရည်အိတ်တွေ ဖြစ်ပေါ်လာရင် ဓမ္မတာကို မမှန်စေနိုင်ပါဘူး။
ဆေးဝါးများနဲ့ ဆက်နွယ်သော အကြောင်းရင်းများ
- သန္ဓေတားဆေး: သန္ဓေတားဆေးတွေဟာ ဓမ္မတာစက်ဝန်းကို ပြောင်းလဲစေနိုင်ပါတယ်။ တားဆေးစသောက်တဲ့ အချိန် ဒါမှမဟုတ် ဆေးပြောင်းတဲ့အချိန်တွေမှာ ဓမ္မတာမမှန်တာမျိုး ဖြစ်တတ်ပါတယ်။
- အခြားဆေးဝါးများ: စိတ်ကျရောဂါပျောက်ဆေးတွေ၊ သွေးဖိအားကျဆေးတွေနဲ့ ကင်ဆာဆေးတွေကလည်း ဓမ္မတာမမှန်ခြင်းမျိုးဖြစ်စေတတ်ပါတယ်။
အခြားသော အကြောင်းရင်းများ
- နို့တိုက်ခြင်း : နို့တိုက်နေတဲ့ အမျိုးသမီးတွေမှာ ဓမ္မတာ မမှန်တာ ဒါမှမဟုတ် ခဏတာ ရပ်သွားတာမျိုး ဖြစ်နိုင်ပါတယ်။
- နာတာရှည်ရောဂါများ : ဆီးချိုရောဂါနဲ့ ဆီးအိမ်ရောဂါ လိုမျိုး နာတာရှည်ရောဂါတွေကလည်း ဓမ္မတာစက်ဝန်းကို ထိခိုက်စေနိုင်ပါတယ်။
ဓမ္မတာမမှန်ခြင်းကြောင့် ဘယ်လိုဆိုးကျိုးတွေ ခံစားရနိုင်လဲ
ဓမ္မတာမမှန်ခြင်းကြောင့် အောက်ပါလက္ခဏာတွေကို အနည်းနဲ့အများခံစားရနိုင်ပါတယ်။
- ကိုယ်ဝန်ရနိုင်ရန် ခက်ခဲခြင်း၊ ကိုယ်ဝန်ပျက်ကျနိုင်ခြေများခြင်း
- သားအိမ်ကင်ဆာနဲ့ အရိုးပွရောဂါ ဖြစ်နိုင်ခြေကိုများစေခြင်း
- သွေးအားနည်းစေခြင်း
- အိပ်မပျော်ခြင်း
- စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပင်မှုများခြင်း
- ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းလာခြင်း
- ဝက်ခြံနဲ့ အသားအရေပြဿနာများ ခံစားရခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
ဓမ္မတာမှန်အောင် ဘယ်လို ဂရုစိုက်ရမလဲ ?
ဓမ္မတာမှန်အောင် ဂရုစိုက်ဖို့အတွက် အောက်ပါအချက်တွေကို လိုက်နာနိုင်ပါတယ်။
- မျှတတဲ့ အာဟာရဖြစ်အောင် သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အသားငါးနဲ့ အစေ့အဆံတွေကို မျှတအောင် စားသုံးပေးပါ။ အာဟာရပြည့်ဝတဲ့ အစားအစာတွေဟာ ဟော်မုန်းတွေကို ထိန်းညှိပေးနိုင်ပါတယ်။
- ပုံမှန်လေ့ကျင့်ခန်းတစ်ခုခုကို တစ်ပတ်လျှင် အနည်းဆုံး ၁၅၀ မိနစ်ခန့် လေ့ကျင့်ခန်းလုပ်ပေးပါ။ ယောဂ ၊ လမ်းလျှောက်တာ နဲ့ ရေကူးတာတွေက ဓမ္မတာမှန်ဖို့ အထောက်အကူပြုပါတယ်။
- စိတ်ဖိစီးမှုကို လျှော့ချနိုင်ဖို့ တရားထိုင်တာ၊ ယောဂကျင့်တာ၊ အသက်ရှူလေ့ကျင့်ခန်းတွေလုပ်တာနဲ့ မိမိနှစ်သက်တဲ့ အရာတွေကို လုပ်ခြင်းက စိတ်ဖိစီးမှုကို လျှော့ချနိုင်ပါတယ်။
- ဓမ္မတာရဲ့ ပုံမှန်မဟုတ်တဲ့ အပြောင်းအလဲတွေကို သိနိုင်ဖို့ ဓမ္မတာစတဲ့ရက်၊ ကြာချိန်နဲ့ သွေးဆင်းမှုနှုန်းကို မှတ်သားထားပါ။
- ဓမ္မတာလာချိန် ခံစားရတဲ့ ဗိုက်အောင့်တာ၊ ခေါင်းကိုက်တာ၊ စိတ်moodမကောင်းတာ စတဲ့ လက္ခဏာတွေကို မှတ်သားထားပါ။
- အိပ်ရေးပျက်တာဟာ ဟော်မုန်းမညီမျှခြင်းကို ဖြစ်စေနိုင်တာမို့ လုံလောက်တဲ့ အိပ်စက်ချိန်ရှိဖို့ တစ်ညကို ၇-၈ နာရီ အိပ်စက်ဖို့ လိုအပ်ပါတယ်။
- ကိုယ်အလေးချိန် များလွန်းတာ ဒါမှမဟုတ် နည်းလွန်းတာတွေမဖြစ်စေဘဲ သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားပါ။
- ဓမ္မတာမမှန်တာ ဆက်တိုက်ဖြစ်နေရင်တော့ ဆရာဝန်နဲ့ ပြပြီး စမ်းသပ်စစ်ဆေးမှုတွေ ခံယူကာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဓမ္မတာမမှန်ခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်တဲ့အတွက် ကိုယ့်ရဲ့အခြေအနေကို သေချာသိဖို့နဲ့ လိုအပ်တဲ့ ကုသမှုတွေကို ခံယူဖို့ အကြံပြုလိုက်ပါတယ်။
