အမှောင်ကိုကြောက်တဲ့စိတ် ( Nyctophobia ) အကြောင်း
အမှောင်ကိုကြောက်လန့်တဲ့ စိတ်အခြေအနေကို Nyctophobia လို့ခေါ်ပါတယ်။
အမှောင်ထဲမှာ နေရတာကိုသာမက အမှောင်ထဲက ကိုယ်မမြင်နိုင်တဲ့အရာတွေ၊ အသံတွေကိုပါ ကြောက်လန့်နေတတ်တဲ့ စိတ်အခြေအနေပဲဖြစ်ပါတယ်။ အဖြစ်များတဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုဖြစ်ပြီး အသက် (၆) နှစ်ကနေ (၁၂) နှစ်အရွယ်ကြားကလေးတွေမှာ ပိုအဖြစ်များပါတယ်။
Nyctophobia ဖြစ်နေသူတွေဟာ မှောင်မှိက်တဲ့နေရာတွေ၊ မှောင်နေတဲ့ အိပ်ခန်း၊ နေဝင်ချိန်တွေနဲ့ ရုပ်ရှင်ထဲ ညပိုင်း ရိုက်ကွက်တွေမြင်ရတဲ့အချိန်မှာ ပြင်းထန်တဲ့ပူပင်သောကကိုခံစားကြရပါတယ်။
– ပူပင်ထိတ်လန့်လာတာ
– ရုန်းရင်းဆန်ခတ်ဖြစ်လာတာ
– စိတ်ခံစားချက်ပြင်းထန်လာတာ
– အသက်ရှူမြန်လာတာ
– နှလုံးခုန်မြန်လာတာ
– ရင်ဘတ်အောင့်တာ
– သွေးခုန်နှုန်းပြဿနာတွေကို အဓိကခံစားရပါတယ်။
ဒါ့အပြင် မျိုချရခက်တာ၊ မူးဝေတာ၊ ခေါင်းကိုက်တာ၊ ပျို့အင့်တာ၊ အော့အန်တာတွေလည်း အချို့မှာကြုံတွေ့ရတတ်ပါတယ်။
ကလေးတွေမှာအဖြစ်များပေမဲ့ အသက်အရွယ်မရွေးမှာဖြစ်နိုင်ပြီး အမှောင်ထဲမှာ ထိတ်လန့်စရာတစ်ခုခုကြုံခဲ့ရဖူးသူတွေက ပိုပြီးဖြစ်လွယ်ပါတယ်။ (ဥပမာ- မုန်တိုင်းတိုက်နေချိန် လျှပ်စစ်မီးပျက်ပြီးမှောင်နေတာ၊ အမှောင်ထဲရန်ပြုခံရတာ၊ အလွန်အကျွံစနောက်ခံရတာ)။ ဒီလို အတိတ်ကဖြစ်ရပ်တစ်ခုခုကြောင့် ဖြစ်တာဆိုရင်တော့ Post-traumatic stress disorder (PTSD) နဲ့လည်း ဆက်နွယ်နေတတ်ပါတယ်။ အချို့ကလည်း ထိတ်လန့်စရာ ရုပ်ရှင်၊ စာအုပ်တစ်ခုခုကို စိတ်စွဲပြီးဖြစ်သွားတတ်ကြပါတယ်။
– စိတ်ဓာတ်ကျခြင်း
– အရက် (သို့) ဆေးလိပ်အလွန်အကျွံစွဲလန်းခြင်း
– ပူပင်သောကများခြင်း
– အတွေးလွန်ခြင်း
– မိဘမျိုးရိုးလိုက်ခြင်း စတဲ့စိတ်အခြေအနေများကြောင့်လည်း Nyctophobia ဖြစ်နိုင်ခြေများလာတတ်ပါတယ်။
Nyctophobia ကို ပြင်းထန်စွာခံစားရပြီး အိပ်မပျော်တာ၊ နေ့စဉ်ဘဝလုပ်ငန်းစဉ်ကိုထိခိုက်တာတွေအထိ ဖြစ်လာရင်တော့ ဆရာဝန်များနဲ့သေချာတိုင်ပင်ဆွေးနွေးပြီးမှ ကုသမှုခံယူနိုင်ပါတယ်။