|

အမျိုးသားများ ပုံမှန်စစ်ဆေးသင့်တဲ့ Test များ

မိမိစီးနင်းနေတဲ့ကားကို တာရှည်အသုံးခံဖို့ ဆီ၊ရေ၊လေ မကြာခဏစစ်ဆေးရသလိုပဲ နေ့စဉ်မိမိတို့ အသုံးပြုနေတဲ့ခန္ဓာကိုယ် အစဉ်ကျန်းမာနေစေဖို့လည်း စစ်ဆေးဖို့လိုအပ်ပါတယ်။

ကျန်းမာရေးပုံမှန်စစ်ဆေးခြင်းကြောင့် အကျိုးကျေးဇူးများစွာရှိတဲ့အနက် ဥပမာအားဖြင့် မျိုးရိုးကြောင့်မဟုတ်သောဆီးချိုရောဂါ နှင့် အူမကြီး ကင်ဆာတို့ကို ကျန်းမာ​ရေးပုံမှန်စစ်ဆေးနေခြင်းကြောင့် ကြိုတင် ကာကွယ်နိုင်ပါတယ်။

ဒါ့ကြောင့် အမျိုးသားများမိမိကျန်းမာရေးအတွက် ပုံမှန်စစ်ဆေးသင့်တဲ့ ရောဂါနဲ့ Test များကို အောက်ဖော်ပြပါအတိုင်း စုစည်းတင်ပြလိုက်ပါတယ်။

၁) ဆီးကျိတ်ကင်ဆာ (Prostate Cancer)

အမျိုးသားများတွင်အဖြစ်များတဲ့ ဆီးကျိတ်ကင်ဆာကို ကျန်းမာရေး စစ်ဆေးပေးခြင်းဖြင့်  မဖြစ်ပွားခင်မှာ ကြိုတင် သိနိုင်ပါတယ်။ အမေရိကန်မှာ အမျိုးသား ၉ယောက်လျှင်တယောက်ဖြစ်ပွားလေ့ရှိတာတွေ့ရတယ်လို့ဆိုပါတယ်။ အထူးသဖြင့် အသက် ၆၅ နှစ်အထက် အမျိုးသားများတွင်ပိုဖြစ်လေ့ရှိပြီး အသက် ၄၀ အောက်အမျိုးသားများတွင်မူ ဖြစ်ပွားနှုန်းနည်းတတ်ပါတယ်။

ဆီးကျိတ်ကင်ဆာ ကြိုတင်စစ်ဆေးခြင်းနည်းလမ်းများမှာ

  • Digital Rectal Exam (ဆရာဝန်နှင့်ဆွေးနွေးစမ်းသပ်ခြင်း)
  • သွေးတွင်း PSA level တိုင်းတာခြင်း

စစ်ဆေးသင့်သူများ-ပုံမှန်အသက် ၅၀နှင့်အထက် (သို့) ဆီးကျိတ်ကင်ဆာမျိုးရိုးရှိလျှင် အသက် ၄၀နှင့်အထက်အမျိုးသားများ စစ်ဆေးသင့်ပါတယ်။

၂) ကပ်ပယ်အိတ်ကင်ဆာ/ဝှေးစေ့ကင်ဆာ (Testicular Cancer)

အမေရိကန် ကင်ဆာ အသင်းက အတည်ပြုချက်အရ ကပ်ပယ်အိတ်ကင်ဆာက အသက် ၂၀ မှ ၅၄ အရွယ်တွင်အဖြစ်များတယ်လို့ ဖော်ပြထားပါတယ်။ မိသားစုမျိုးရိုးရှိတဲ့သူ နဲ့ မိမိမှာ ပုံမှန်မဟုတ်သော ရောဂါလက္ခဏာ တခုခု ခံစားနေရလျှင် သက်ဆိုင်ရာဆီးနဲ့ကျောက်ကပ်ဆရာဝန်များထံသွားရောက်တိုင်ပင်စစ်ဆေးသင့်ပါတယ်။

၃) အူမကြီးကင်ဆာ (Colorectal Cancer)

အဆိုပါကင်ဆာရောဂါသည်လည်း အမျိုးသားများတွင်ပိုမိုအဖြစ်များတတ်ပါတယ် ။

အူနံရံတွင်အသားပို အလုံးဖြစ်ပေါ်ရာမှ ကင်ဆာအဖြစ်သို့ကူးပြောင်းပြီး အူနံရံအတွင်း ဖောက်ထွင်းဝင်ရောက်ကာအခြားကိုယ်တွင်းကလီစာများကို ပါ ကင်ဆာဆဲလ်ပြန့်ပွားစေတတ်ပါတယ်။

ဒါကြောင့် အူနံရံတွင်အသားပိုရှိပါက ကင်ဆာအဖြစ်မကူးပြောင်းခင်ကာလတွင်ဖယ်ရှားသင့်ပါတယ်။

အသားပိုရှိမရှိကြိုတင်သိနိုင်ရန် အသက်၅၀ နှစ် အထက်မှစ၍ screening အနေနဲ့ ၁၀ နှစ်တခါ အူလမ်းကြောင်းမှန်ပြောင်းကြည့်သင့်ပါတယ်။

အသားပိုရှိပြီး ဖယ်ထားဖူးသူအနေနဲ့ ထပ်မှန်ဖြစ်နှုန်းရှိတာကြောင့် ၃-၅ နှစ်တခါ မှန်ပြောင်းကြည့်သင့်ပါတယ်။

၄) သွေးတိုးနဲ့သွေးတွင်းအဆီများခြင်း

ပုံမှန်လူတယောက်သွေးပေါင်ချိန်မှာ 120/80 ထက်မကျော်လွန်ရပါ။ 130/80 ကျော်လျှင်မူ သွေးတိုးရောဂါ စရှိပြီဟုယူဆနိုင်ပါတယ်။

သွေးတွင်းအဆီ( cholestrol ) များလျှင်နှလုံးသွေးကြောကျဉ်းစေနိုင်ပြီး သွေးတိုးပါရှိလျှင်မူ အဆိုပါအချက်နှစ်ချက်ကြောင့် ခန္ဓာကိုယ်ရှိသွေးကြောများပျက်စီးစေပြီး ဦးနှောက်သွေးကြောပိတ်ခြင်း၊ ပေါက်ခြင်း၊ လေဖြတ်ခြင်းကျောက်ကပ်ရောဂါဖြစ်ခြင်း၊ မျက်စိအမြင်အာရုံချို့ယွင်းခြင်းများဖြစ်ပေါ်စေနိုင်ပါတယ်။

အသက် ၃၅ နှစ်နောက်ပိုငိးတွငိ အမျိုးသားတိုင်း သတိမူပြီး စတင် စစ်ဆေးသင့်ပါတယ်။

စစ်ဆေးသင့်တဲ့ test များကို တခုခြင်း ပုံမှန်စစ်ဆေးလို့ရသလို package လိုက်လုပ်ထားတဲ့ ပုံမှန် medical check up package များထဲမှာ မိမိစစ်လိုတဲ့ test များ ပါမပါ သေချာစစ်ဆေး ပြီး check up လုပ်လို့လည်းရပါတယ်။

ကျန်းမာ သန်စွမ်းသော ဘဝကို အားလုံးပဲ ပိုင်ဆိုင်နိုင်ပါစေ။

Ref: https://www.webmd.com/men/ss/slideshow-screening-tests-men

D r . M a y (မြို့ပြကျန်းမာရေး)

Similar Posts