အရေးပေါ်တားဆေး နဲ့ နေ့စဉ်သောက်တားဆေး
အရေးပေါ်တားဆေးနဲ့ နေ့စဉ်သောက်တားဆေးနှစ်မျိုးလုံးက သားဆက်ခြားပေးနိုင်တဲ့သောက်ဆေးတွေ ဖြစ်ကြပေမဲ့ အသုံးပြုရတဲ့ပုံစံ၊ အသုံးဝင်ပုံချင်း မတူညီကြပါဘူး။ ဒီနှစ်မျိုးက ဘယ်လိုကွာခြားလဲ၊ ဘယ်အခြေအနေမှာ ဘယ်ဆေးကို ရွေးသုံးသင့်လဲဆိုတာကို အသေးစိတ်ပြောပြပေးသွားပါမယ်။ အရေးပေါ်တားဆေး (Emergency Contraceptive Pills – ECPs) အရေးပေါ်တားဆေးဆိုတာ အကာအကွယ်မပါဘဲ လိင်ဆက်ဆံမှုပြီးနောက် ဒါမှမဟုတ် ရေရှည်သားဆက်ခြားနည်းလမ်းတစ်ခုခု ပျက်ကွက်သွားတဲ့အခါမျိုးမှာ မလိုလားအပ်တဲ့ ကိုယ်ဝန်ကို တားဆီးဖို့အတွက် အသုံးပြုတဲ့ဆေးဖြစ်ပါတယ်။ ဥပမာ – ကွန်ဒုံးပေါက်သွားတာ၊ ဆေးသောက်ဖို့ မေ့သွားတာ စတဲ့အခြေအနေမျိုးတွေမှာ အသုံးပြုနိုင်ပါတယ်။ အရေးပေါ်တားဆေး ဘယ်လိုအလုပ်လုပ်လဲ အရေးပေါ်တားဆေးဟာ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲမှာ မျိုးဥထွက်ခြင်းကို ရပ်တန့်စေခြင်း၊ နောက်ဆုတ်စေခြင်း ဒါမှမဟုတ် သုတ်ပိုးနဲ့ မျိုးဥတွေ့ဆုံမှုကို ကာကွယ်ပေးခြင်းအားဖြင့် ကိုယ်ဝန်ကို တားဆီးပေးပါတယ်။ ဒါပေမဲ့ အရေးပေါ်တားဆေးဟာ ကိုယ်ဝန်ဆောင်ပြီးသားကို ဖျက်ချတဲ့ဆေး မဟုတ်ပါဘူး။…
