ကလေးတိုင်းလိုလို ဘာလို့ သွားပိုးစား ကြတာလဲ

🦷 သွားပိုးစား ရတဲ့ အဓိကအကြောင်းရင်းကတော့ ကလေးတိုင်းကြိုက်ကြတဲ့ အချိုများတဲ့အစားအစာထဲက သကြားကြောင့်ပဲဖြစ်ပါတယ်။ သွားထဲမှာ အက်စစ်ထုတ်ပေးတဲ့ ဘက်တီးရီးယားတွေရှိပြီး သူတို့က သကြားဆိုအရမ်းကိုကြိုက်ကြပါတယ်။ သကြားတွေဝင်လာလေလေ၊ အက်စစ်တွေပိုထုတ်ပေးလေလေဖြစ်ပြီး ဒီအက်စစ်တွေက သွားရဲ့အပြင်လွှာကိုထိခိုက်စေပါတယ်။ခုလိုမထိခိုက်အောင်ကာကွယ်ပေးတာကတော့ “သွားရည်”ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ထိခိုက်ပျက်စီးမှုများလာတဲ့အခါ သူလည်းမကာကွယ်ပေးနိုင်တော့ပဲ သွားမှာ အခေါင်းပေါက်လေးတွေဖြစ်ပြီး သွားပိုးစားလာပါတော့တယ်။

🦷 အရင်ဆုံး သွားဘေးမှာ၊ အပေါ်မှာ အဖြူရောင်ထုံးခဲလေးတွေလို စုလာပြီး နောက်ပိုင်း အညို ဒါမှမဟုတ် အနက်ရောင်အဖြစ်ပြောင်းသွားပါတယ်။ အများစုကလေးတွေက ရှေ့အပေါ်ဘက်က သွားလေးချောင်းမှာ ပိုးစားတတ်ကြပါတယ်။ နို့စို့ကလေးအရွယ်မှာဆို ညတိုင်း နို့ဘူးကိုစုပ်ထားပြီးအိပ်တာကြောင့် သွားပိုးစားတတ်ပါသေးတယ်။

ကလေးငယ်များမှာ သွားပိုးစား ခြင်းကိုကာကွယ်ပေးနိုင်ဖို့အတွက်

– တစ်ညလုံး နို့ဘူးစို့ပြီး မအိပ်ခိုင်းပါနဲ့။

– နို့စို့ပြီးလို့ ဗိုက်ဝတာနဲ့ မိခင်နို့ကပဲဖြစ်ဖြစ်၊ နို့ဘူးကပဲဖြစ်ဖြစ် တန်းခွာခိုင်းပါ။

– အချိုများတဲ့ အရည်တွေကို လုံးဝ မတိုက်ပါနဲ့။

– နို့ဘူးဖျော်တဲ့အခါ သကြား၊ အချိုရည်တွေ ထပ်မထည့်ပါနဲ့။

– အချိုကဲတဲ့အစားအစာတွေကို အကျင့်လုပ်ပြီး လုံးဝမကျွေးပါနဲ့။

သွားလေးတွေသန့်ရှင်းခိုင်မာဖို့အတွက်

– သွားတစ်ချောင်းစပေါက်တည်းက ရေစိုဝတ်၊ သွားတိုက်တံလေးနဲ့ သန့်ပေးပါ။

– အသက် (၁၈) လကနေ (၆) နှစ်အထိကလေးငယ်တွေကို Fluoride ပါဝင်မှုနည်းတဲ့သွားတိုက်ဆေး ပဲစေ့ အသေးပမာဏလောက်နဲ့ တိုက်ပေးပါ။

– (၆)နှစ်ကစပြီး Fluoride အပြည့်ပါတဲ့သွားတိုက်ဆေးကို ပုံမှန်ပဲစေ့ပမာဏလောက်နဲ့ သွားတိုက်ခိုင်းလို့ရပါပြီ။

– သွားကိုသာမက သွားဖုံးလိုင်းလေးတွေကိုပါ နူးညံ့တဲ့သွားတိုက်တံလေးနဲ့ တစ်ရက်ကိုနှစ်ခါတိုက်ခိုင်းရပါမယ်။

– သွားဆရာဝန်နဲ့လည်း သွားစပေါက်ချိန်တည်းက ပုံမှန်စစ်ဆေးပြသသင့်ပါတယ်။

Similar Posts