ကိုယ်ဝန်ပျက်ကျငြခ်း အမျိုးအစားများ
| | | |

ကိုယ်ဝန်ပျက်ကျငြခ်း အမျိုးအစားများ

ဒီဆောင်းပါးလေးမှာဆိုရင်တော့ ကိုယ်ဝန်ပျက်ကျခြင်း အမျိုးအစားလေးတွေကို အဓိက မျှဝေပေးသွားမှာဖြစ်ပါတယ်။

ကိုယ်ဝန် (၂၀) ပတ်မတိုင်ခင်ကလေးဆုံးရှုံးလိုက်ရခြင်းကို ကိုယ်ဝန်ပျက်ကျခြင်းလို့ခေါ်ပါတယ်။ (၂၀) ပတ်နောက်ပိုင်းမှ ကလေးဆုံးရှုံးသွားတာကိုတော့ “Stillbirth” အရပ်အခေါ် အသေမွေးတယ်လို့ သတ်မှတ်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင် (၅) ယောက်မှာ (၁) ယောက်က ကိုယ်ဝန်ပျက်ကျလေ့ရှိပြီး ကိုယ်ဝန်ရှိမှန်းမသိလိုက်ရခင် ပျက်ကျသွားသူတွေလည်းရှိပါတယ်။ ကိုယ်ဝန်ပျက်ကျတဲ့လက္ခဏာတွေက များသောအားဖြင့် (၂) မျိုးတွေ့ရပါတယ်။

☑️ဝမ်းဗိုက်နာကျင်ခြင်း

☑️မိန်းမကိုယ်မှ သွေးဆင်းခြင်း

ကိုယ်ဝန်ပျက်ကျခြင်း အမျိုးအစားများတွေကတော့…

1️⃣ Threatened Miscarriage

ကိုယ်ဝန်ပျက်ကျတဲ့လက္ခဏာတွေပြနေတာကို Threatened Miscarriage လို့ခေါ်ပါတယ်။ သွေးအနည်းငယ်ဆင်းတာ၊ ဝမ်းဗိုက်အောက်ပိုင်းနာကျင်တာတွေကို ရက်အနည်းငယ်ကြုံတွေ့ရနိုင်ပေမဲ့ သားအိမ်ခေါင်းကတော့ပိတ်နေဆဲဖြစ်ပါတယ်။ အချိန်မီကုသနိုင်ပါက ကလေးအသက်ကို မဆုံးရှုံးရအောင်ကာကွယ်နိုင်ခြေများပြားပါသေးတယ်။

2️⃣ Inevitable Miscarriage

Threatened Miscarriage ဖြစ်ပြီးနောက်ဆက်တွဲအနေနဲ့ဖြစ်တတ်သလို ကြိုတင်လက္ခဏာမပြဘဲလည်း ဖြစ်တတ်ပါတယ်။ သွေးပမာဏများများပိုဆင်းပြီး ဝမ်းဗိုက်အောက်ပိုင်းနာကျင်မှုကိုလည်း ပိုပြင်းထန်စွာခံစားရတတ်ပါတယ်။ ဒီ ကိုယ်ဝန်ပျက်ကျခြင်း မှာတော့ သားအိမ်ခေါင်းပါပွင့်သွားပြီး သွေးဆင်းတာနဲ့အတူ သန္ဓေသားပါ တစ်ခါတည်းပါသွားလေ့ရှိပါတယ်။

3️⃣ Complete Miscarriage

သန္ဓေသားတစ်ရှူးတွေ သားအိမ်မှာမရှိတော့ဘဲပျက်ကျသွားတာကို Complete Miscarriage လို့ခေါ်ပါတယ်။ ရက်အတန်ကြာသွေးဆင်းတတ်ပြီး မီးဖွားတဲ့အခါခံစားရတဲ့နာကျင်မှုမျိုးကို ခံစားရတတ်ပါတယ်။

4️⃣ Incomplete Miscarriage

ကိုယ်ဝန်ပျက်ကျသွားပေမဲ့ သန္ဓေသားတစ်ရှူးအချို့ သားအိမ်ထဲကျန်ခဲ့ခြင်းကို Incomplete Miscarriage လို့ခေါ်ပါတယ်။ ကျန်ရစ်ခဲ့တဲ့ တစ်ရှူးတွေကို သားအိမ်ကရှင်းထုတ်ပစ်ပြီးတဲ့အထိ သွေးဆင်းခြင်း၊ ဝမ်းဗိုက်နာကျင်ခြင်းတို့ကို ဆက်ခံစားရနိုင်ပါတယ်။

5️⃣ Missed Miscarriage

သန္ဓေသားက သေဆုံးသွားပေမဲ့ သားအိမ်ထဲမှာရှိနေဆဲဖြစ်ပါက missed miscarriage လို့ခေါ်ပါတယ်။ မိန်းမကိုယ်ကနေ အညိုရောင် အရည်အချွဲများဆင်းတတ်ပြီး ကိုယ်ဝန်ဆောင်လက္ခဏာများကိုခံစားရတာလည်း လျော့သွားလေ့ရှိပါတယ်။

6️⃣ Recurrent Miscarriage

အချို့အမျိုးသမီးတွေမှာ မကြာခဏကိုယ်ဝန်ပျက်ကျတာမျိုးဖြစ်တတ်ပါတယ်။

သုံးကြိမ်နဲ့အထက်ကိုယ်ဝန်ပျက်ကျပြီဆိုရင်တော့ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး အဖြေရှာဆွေးနွေးသင့်ပါပြီ။

ဒီ (၆) မျိုးအပြင် မျိုးအောင်ပြီးချင်း သန္ဓေမတွယ်နိုင်ဘဲပျက်ကျတာ၊ သန္ဓေသားမပါဘဲ ရေမြွာအိတ်ပဲသားအိမ်တွင်းမှာကြီးလာတာတွေလည်း ရှိပါတယ်။

ကိုယ်ဝန်ပျက်ကျတဲ့လက္ခဏာများကို ခံစားရပြီဆိုပါက ဆရာဝန်နဲ့အရေးပေါ်ပြသသင့်ပြီး လိုအပ်တဲ့ကုသမှုတွေကိုအမြန်ဆုံးခံယူသင့်ကြောင်း သတိပေးလိုက်ပါရစေ။

Similar Posts