ငါးပိနဲ့ သွေးတိုးခြင်း
မြန်မာလူမျိုးတွေ အသည်းစွဲကြိုက်ကြတဲ့ ငါးပိက သွေးတိုးစေနိုင်တယ်ဆိုတာ အမှန်တကယ်ပဲလား။ ငါးပိ အလွန်အကျွံစားခြင်းကြောင့် သွေးတိုးခြင်းအပြင် အခြားဘာဆိုးကျိုးတွေပါ ဖြစ်နိုင်သေးလဲဆိုတာကို ရှင်းပြပေးသွားပါမယ်။
ငါးပိစားရင် တကယ်ပဲ သွေးတိုးစေလား။
ငါးပိဟာ ငါးကို ဆားနဲ့နယ်ပြီး အချဉ်ဖောက်ထားတဲ့ အစားအစာဖြစ်တာကြောင့် ဆားပါဝင်မှု အလွန်မြင့်မားပါတယ်။ ဆိုဒီယမ်ဆိုတာ ဆားရဲ့ အဓိကပါဝင်ပစ္စည်းဖြစ်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဓာတ်တစ်မျိုးပါ။ ဒါပေမဲ့ ဆိုဒီယမ်ကို များများစားသုံးတဲ့အခါ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုအပေါ်မှာ သက်ရောက်မှုတွေရှိလာပြီး သွေးတိုးစေနိုင်ပါတယ်။
ဆိုဒီယမ်နဲ့ သွေးတိုးခြင်း ဆက်စပ်မှုအကြောင်း အသေးစိတ်ပြောပြသွားပါမယ်။
- ရေဓာတ်ကို ထိန်းထားရခြင်း
ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ်ဓာတ်များလာတဲ့အခါ ရေဓာတ်ကို ဆွဲယူထိန်းသိမ်းပေးပါတယ်။ ဒီလို ရေဓာတ်ကို ထိန်းထားတဲ့အတွက် သွေးထဲမှာ အရည်ပမာဏ များလာပါတယ်။သွေးပမာဏ များလာတဲ့အခါ သွေးကြောနံရံတွေပေါ်မှာ သက်ရောက်တဲ့ ဖိအားများလာပြီး သွေးတိုးလာစေပါတယ်။
- သွေးကြောများ ကျဉ်းမြောင်းခြင်း
ဆိုဒီယမ်ဓာတ်ဟာ သွေးကြောတွေကို ကျဉ်းစေနိုင်တဲ့အာနိသင် ရှိပါတယ်။ သွေးကြောတွေ ကျဉ်းလာတဲ့အခါ သွေးတွေက သွားရလာရပိုခက်ခဲလာပြီး သွေးဖိအား တက်လာစေပါတယ်။အချိန်ကြာလာတာနဲ့အမျှ သွေးကြောတွေရဲ့ ပုံမှန်လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေပြီး ရေရှည်မှာ သွေးတိုးရောဂါကို ပိုဆိုးရွားစေနိုင်ပါတယ်။
- ဟော်မုန်းများအပေါ် သက်ရောက်မှုရှိခြင်း
ခန္ဓာကိုယ်မှာ ဆိုဒီယမ်ဓာတ်များလာတဲ့အခါ ဟော်မုန်းစနစ်ကိုပါ သက်ရောက်မှုရှိပါတယ်။ဥပမာ – ခန္ဓာကိုယ်က ရေနဲ့ဆားကို ထိန်းညှိပေးတဲ့ ဟော်မုန်းတွေဖြစ်တဲ့ Renin (ရီနင်) နဲ့ Aldosterone (အယ်ဒိုစတီရုန်း) တွေကို ထိခိုက်စေပြီး သွေးဖိအားကို ထိန်းညှိဖို့ ပိုခက်ခဲစေပါတယ်။
- ကျောက်ကပ်လုပ်ဆောင်မှုအပေါ် ထိခိုက်ခြင်း
ကျောက်ကပ်ဟာ သွေးထဲမှာရှိတဲ့ ဆိုဒီယမ်ဓာတ်ပမာဏကို ထိန်းညှိပေးတဲ့ အဓိက အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ဆိုဒီယမ်ဓာတ် များလွန်းတဲ့အခါ ကျောက်ကပ်အပေါ်မှာ ဖိအားတွေပိုများလာပြီး ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက်စေနိုင်ပါတယ်။ကျောက်ကပ်ရဲ့ လုပ်ဆောင်မှု မကောင်းတော့တဲ့အခါ သွေးတိုးခြင်းကို ပိုဆိုးရွားစေနိုင်ပါတယ်။
ငါးပိမှာပါတဲ့ ဆိုဒီယမ်က သွေးတိုးစေတဲ့ အဓိကအကြောင်းရင်းဖြစ်သော်ငြား စားသုံးသူရဲ့ တခြားအကြောင်းအရာတွေကလည်း သွေးတိုးအောင် ပိုလှုံ့ဆော်ပေးတဲ့အချက်ထဲ ပါဝင်ပါတယ်။
- အသက်အရွယ် – အသက်ကြီးလာတာနဲ့အမျှ သွေးကြောတွေရဲ့ ပျော့ပျောင်းနိုင်စွမ်း လျော့နည်းလာပြီး သွေးတိုးနိုင်ချေ ပိုများလာပါတယ်။
- မျိုးရိုးဗီဇ – မိသားစုထဲမှာ သွေးတိုးရောဂါဖြစ်ဖူးသူရှိရင် ကိုယ်လည်း အလွယ်တကူ သွေးတိုးနိုင်ချေ ပိုများပါတယ်။
- နေထိုင်မှုပုံစံ – ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ အဆီများတဲ့အစားအစာတွေ စားသုံးခြင်း၊ အရက်နဲ့ဆေးလိပ် သောက်သုံးခြင်းစတဲ့ အလေ့အထတွေက သွေးတိုးနိုင်ချေကို မြင့်တက်စေပါတယ်။
- စိတ်ဖိစီးမှု – စိတ်ဖိစီးမှုများခြင်းကလည်း သွေးတိုးစေနိုင်ပါတယ်။
ငါးပိကြောင့် ဖြစ်နိုင်တဲ့ အခြားရောဂါဆိုးကျိူးများ
- ကျောက်ကပ်ရောဂါ
ဆိုဒီယမ်ဓာတ် များလွန်းရင် ကျောက်ကပ်အပေါ် ဖိအားများစေပြီး ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုကို ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် ကျောက်ကပ်ရောဂါရှိသူတွေအနေနဲ့ ငါးပိကို ရှောင်သင့်ပါတယ်။
- ရေဖျဉ်းဆွဲရောဂါ
ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ်ဓာတ် များလာတဲ့အခါ ရေဓာတ်ကို ထိန်းသိမ်းထားတဲ့အတွက် ခန္ဓာကိုယ် ရောင်ရမ်းတာ၊ ခြေထောက်နဲ့ မျက်နှာတွေ ဖောရောင်တာ၊ ရေဖျဉ်းစွဲတာတွေ ဖြစ်နိုင်ပါတယ်။
- နှလုံးရောဂါ
သွေးတိုးခြင်းဟာ နှလုံးရောဂါဖြစ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါ။ ငါးပိကို များများစားခြင်းဖြင့် သွေးတိုးပြီး နှလုံးရောဂါကို ဖြစ်စေနိုင်ပါတယ်။
- အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါများ
ငါးပိမှာ အချဉ်ဓာတ်နဲ့ ဆားဓာတ်များတာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်စေနိုင်ပါတယ်။ အစာအိမ်အနာ၊ အစာအိမ်ရောင်ခြင်းနဲ့ အူရောင်ခြင်း စတဲ့ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။
- ဓာတ်မတည့်ခြင်း (Allergy)
ငါးပိမှာပါဝင်တဲ့ ငါးနဲ့ အခြားပစ္စည်းတွေကြောင့် တချို့လူတွေမှာ ဓာတ်မတည့်တဲ့ တုံ့ပြန်မှုတွေဖြစ်နိုင်ပါတယ်။ ယားယံခြင်း၊ အင်ပျဉ်ထခြင်း၊ အသက်ရှူရခက်ခြင်းစတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
ငါးပိကို ဘယ်လို ချင့်ချိန်စားသင့်သလဲ
- စားသုံးတဲ့ ပမာဏကို ကန့်သတ်ပါ
ငါးပိကို ဟင်းလျာတွေထဲမှာ အနည်းငယ်သာ ထည့်သုံးသင့်ပြီး တစ်နေ့တာ စားသုံးတဲ့ပမာဏကို ထိန်းချုပ်ပါ။ ငါးပိကို အဓိကထား စားသုံးခြင်းမျိုးကို ရှောင်ကြဉ်ပါ။
- အခြားအစားအစာတွေနဲ့အတူ မျှတအောင် စားပါ
ငါးပိစားတဲ့အခါမှာ ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေနဲ့ မျှတအောင် စားသုံးပေးပါ။ အမျှင်ဓာတ်ပါတဲ့ အစားအစာတွေက ဆိုဒီယမ်ဓာတ်ကို လျော့ချပေးနိုင်ပါတယ်။
- ရေများများသောက်ပါ
ငါးပိစားပြီးတဲ့အခါမှာ ရေများများသောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲက ဆိုဒီယမ်ဓာတ်ကို စွန့်ထုတ်ပေးနိုင်ပါတယ်။
- ငါးပိအစား အခြားအရာတွေ အစားထိုးပါ
ငါးပိအစား အခြားအဆီနည်းတဲ့ အသားငါးတွေကို စားသုံးပေးပါ။ အချဉ်ဓာတ်အတွက် သံပရာသီးနဲ့ သံပုရာရည်တို့ကို သုံးပေးနိုင်ပါတယ်။
- အိမ်မှာ ကိုယ်တိုင်လုပ်စားပါ
အိမ်မှာ ကိုယ်တိုင်ငါးပိပြုလုပ်စားသုံးရင် ဆားနဲ့ အခြားဓာတ်ပစ္စည်းတွေရဲ့ ပါဝင်မှုကို ထိန်းချုပ်နိုင်ပါတယ်။
ငါးပိကို စားတဲ့အခါမှာ အလွန်အကျွံမစားဘဲ အထက်မှာဖော်ပြထားတဲ့ နည်းလမ်းတွေအတိုင်း ချင့်ချိန်စားသုံးခြင်းဖြင့် ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးပြီး သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။