ပျော်ရွှင်မှုဟော်မုန်းများ
| |

ပျော်ရွှင်မှုဟော်မုန်းများ

ပျော်ရွှင်မှုဟော်မုန်းဆိုတာက ဦးနှောက်နဲ့ ခန္ဓာကိုယ်က ထုတ်လွှတ်ပေးတဲ့ ဓာတုပစ္စည်းတွေဖြစ်ပြီး စိတ်ခံစားချက်ကောင်းတွေ၊ ပျော်ရွှင်မှု၊ ကျေနပ်မှုနဲ့ စိတ်သက်သာမှုကို ဖြစ်ပေါ်စေပါတယ်။ 

ပျော်ရွှင်မှုဟော်မုန်းတွေမှာ အဓိကအားဖြင့် Oxytocin (အောက်စီတိုစင်)၊ Endorphin (အန်ဒေါ်ဖင်း)၊ Serotonin (ဆီရိုတိုနင်)နဲ့ Dopamine (ဒိုပါမင်း)ဆိုပြီး ဟော်မုန်း (၄)မျိုး ပါဝင်ပါတယ်။

Oxytocin (အောက်စီတိုစင်)

 “အချစ်ဟော်မုန်း” (Love Hormone) သို့မဟုတ် “ပွေ့ဖက်ခြင်းဟော်မုန်း” (Cuddle Hormone) လို့လည်း ခေါ်ကြပါတယ်။ မိဘနဲ့ သားသမီးကြား၊ ချစ်သူနှစ်ဦးကြား ချစ်ခင်တွယ်တာမှုမျိုးကို ဖြစ်တည်စေတဲ့အပြင် နားလည်မှု၊ ယုံကြည်မှုကို တိုးပွားလာအောင် ကူညီပေးပါတယ်။ ကိုယ့်ကိုယ်ကို ပိုချစ်တတ်လာစေပြီး စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။

Oxytocin ကို မြှင့်တင်ပေးနိုင်တဲ့ နည်းလမ်းများ

  • မိသားစုနဲ့ သူငယ်ချင်းတွေကို ပွေ့ဖက်ပါ။
  • မေတ္တာတရားထားပြီး သူတစ်ပါးကိုကူညီပါ။
  • အိမ်မွေးတိရိစ္ဆာန်လေးတွေကို ဂရုစိုက်ပါ။
  • ချစ်ခင်နှစ်သက်ရတဲ့သူတွေနဲ့ အချိန်ပေးပြီး စကားပြောဆိုပါ။
  • အနှိပ်ခံပါ။ 
  • ချစ်ရသူနဲ့ အသားအရေချင်းထိတွေ့ပါ။ 
  • တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းများပြုလုပ်ပါ။

Endorphin (အန်ဒေါ်ဖင်း)

“သဘာဝအကိုက်အခဲပျောက်ဆေးဟော်မုန်း” (Natural Painkiller Hormone) လို့လည်း ခေါ်ကြပါတယ်။  ခန္ဓာကိုယ်က နာကျင်မှုများကို သက်သာစေပြီး စိတ်ကိုလည်း ရွှင်လန်းစေပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ၊ ရယ်မောတဲ့အခါ ဒါမှမဟုတ် နာကျင်မှုကို ခံစားရတဲ့အခါမျိုးတွေမှာ Endorphin ဆိုတဲ့ ပျော်ရွှင်မှုဟော်မုန်းတစ်မျိုး ထွက်ရှိလာတတ်ပါတယ်။

Endorphin ကို မြှင့်တင်ပေးနိုင်တဲ့ နည်းလမ်းများ

  • လေ့ကျင့်ခန်းလုပ်ပါ။
  • ဟာသဇာတ်လမ်းတွေကြည့်ပါ၊ ရယ်မောပါ။
  • သီချင်းဆိုပါ၊ ကခုန်ပါ။
  •  အနက်ရောင်ချောကလက် စားပါ။
ပျော်ရွှင်မှုဟော်မုန်းများ

Serotonin (ဆီရိုတိုနင်)

“စိတ်တည်ငြိမ်မှုဟော်မုန်း” (Mood Stabilizer Hormone) လို့လည်း ခေါ်ကြပါတယ်။ ဒီပျော်ရွှင်မှုဟော်မုန်းက စိတ်ခံစားချက်ကို တည်ငြိမ်စေပြီး ပျော်ရွှင်မှုကို ဖြစ်စေတဲ့အပြင် စိုးရိမ်ပူပန်မှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အစာစားချင်စိတ်၊ အိပ်စက်ခြင်းနဲ့ အစာခြေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

Serotonin ကို မြှင့်တင်ပေးနိုင်တဲ့ နည်းလမ်းများ

  • မနက်ခင်းနေရောင်ခြည်ကို ခံယူပါ။ 
  • ယောဂ၊ အေရိုးဗစ်နဲ့ အခြားကိုယ်လက်လှုပ်ရှားမှုတွေလုပ်ပါ။ 
  • ပျော်စရာအမှတ်တရတွေကို ပြန်လည်တွေးတောပါ။
  • သဘာဝအလှတွေကို ခံစားပါ။ 
  • အာဟာရပြည့်ဝတဲ့အစားအစာကိုစားပါ။ အထူးသဖြင့် tryptophan ပါဝင်တဲ့ အစားအစာတွေဖြစ်တဲ့ ကြက်သား၊ ဥ၊ နို့ထွက်ပစ္စည်းနဲ့ အခွံမာသီးတွေကို စားသုံးပါ။
  • အနှိပ်ခံပေးပါ။

Dopamine (ဒိုပါမင်း)

“ခံစားမှုကောင်းစေတဲ့ဟော်မုန်း” (Feel-Good Hormone) လို့လည်း ခေါ်ကြပါတယ်။ ဆုတစ်ခုခုရရှိခြင်း၊ ပန်းတိုင်တစ်ခုကို အောင်မြင်ခြင်းနဲ့ မျှော်လင့်ထားတဲ့အရာတစ်ခုကို ရရှိတဲ့အခါတွေမှာ ထွက်ပေါ်လာတတ်ပါတယ်။  စိတ်အားထက်သန်မှု၊ လှုံ့ဆော်မှုနဲ့ အာရုံစူးစိုက်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။

Dopamine ကို မြှင့်တင်ပေးနိုင်တဲ့ နည်းလမ်းများ

  • ပန်းတိုင်များထားပြီး အောင်မြင်အောင်လုပ်ပါ။ ဥပမာ – အလုပ်တစ်ခုပြီးမြောက်အောင်လုပ်ခြင်း၊ စာအုပ်တစ်အုပ်ဖတ်ခြင်း၊ အိမ်သန့်ရှင်းရေးလုပ်ခြင်း
  • ကိုယ့်ရဲ့အောင်မြင်မှုတွေကို မှတ်တမ်းတင်ပြီး ဂုဏ်ပြုပါ။
  • လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
  • အရသာရှိတဲ့အစားအစာတွေစားပါ။
  • ကြိုက်နှစ်သက်တဲ့သီချင်းတွေနားထောင်ပါ။
  • တရားထိုင်ပြီး စိတ်ကိုငြိမ်သက်အောင်ထားပါ။

ပျော်ရွှင်မှုဟော်မုန်းတွေကို သဘာဝနည်းလမ်းတွေနဲ့ မြှင့်တင်ပေးခြင်းဖြင့် ပိုမိုပျော်ရွှင်ပြီး ကျန်းမာတဲ့ဘဝကို တည်ဆောက်နိုင်ပါတယ်။ ဒါကြောင့် မိမိကိုယ်ကို ဂရုစိုက်ပြီး ပျော်ရွှင်မှုဟော်မုန်းတွေကို မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းတွေကို လေ့ကျင့်ကြပါစို့။ 

Similar Posts