ဝမ်းပျက်ဝမ်းလျှောတိုင်း ဝမ်းပိတ်ဆေးသောက်ဖို့လိုလား
ဝမ်းပိတ်ဆေးဆိုတာ ဝမ်းလျှောတာကို သက်သာစေဖို့ သောက်သုံးနိုင်တဲ့ဆေးဖြစ်ပါတယ်။ဒါပေမဲ့ ဝမ်းပိတ်ဆေးဟာ ခန္ဓာကိုယ်ထဲက ဗိုင်းရပ်စ်ပိုးတွေနဲ့ အဆိပ်အတောက်များ စွန့်ထုတ်ခြင်းကို နှောင့်နှေးစေနိုင်တဲ့အတွက် ဝမ်းပျက်ဝမ်းလျှောတိုင်း ဝမ်းပိတ်ဆေးအသုံးပြုဖို့ မသင့်တော်ပါဘူး။
ဝမ်းပျက်ဝမ်းလျှောခြင်းရဲ့ အကြောင်းရင်းများ
- ဗိုင်းရပ်စ်ပိုးဝင်ခြင်း – အစာအဆိပ်သင့်ခြင်း၊ အအေးမိခြင်း နဲ့ တုပ်ကွေးတွေကြောင့် ဝမ်းပျက်ဝမ်းလျှောနိုင်ပါတယ်။
- ဘက်တီးရီးယားပိုးဝင်ခြင်း – အစားအသောက် သန့်ရှင်းမှု မရှိခြင်းကြောင့် ဒါမှမဟုတ် ညစ်ညမ်းတဲ့ရေကို သောက်သုံးမိတဲ့အခါ ဘက်တီးရီးယားပိုးတွေ ဝင်ရောက်ပြီး ဝမ်းပျက်ဝမ်းလျှော ဖြစ်စေနိုင်ပါတယ်။
- ပါရာဆိုက်ပိုးဝင်ခြင်း – ရေနဲ့ အစားအသောက်ကနေ ပါရာဆိုက်ပိုးတွေ ဝင်ရောက်ပြီး ဝမ်းပျက်ဝမ်းလျှော ဖြစ်စေနိုင်ပါတယ်။
- အချို့သောဆေးဝါးများ – ပဋိဇီဝဆေးတွေ (antibiotics) အပါအဝင် ဆေးဝါးအချို့ဟာလည်း ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်ပါတယ်။
- အစာနဲ့မတည့်ခြင်း – အချို့သောအစားအစာတွေနဲ့ ဓာတ်မတည့်တဲ့အခါ ဝမ်းပျက်ဝမ်းလျှော ဖြစ်တတ်ပါတယ်။ ဥပမာ – နို့ထွက်ပစ္စည်းတွေနဲ့ ဓာတ်မတည့်တဲ့သူတွေမှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်တတ်ပါတယ်။
- အူရောင်ရောဂါ – Crohn’s disease နဲ့ ulcerative colitis လိုမျိုး အူရောင်ရောဂါတွေကလည်း ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်ပါတယ်။
- စိတ်ဖိစီးမှု – စိတ်ဖိစီးမှုများတဲ့အခါမှာလည်း အချို့လူတွေမှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်တတ်ပါတယ်။

ဝမ်းပိတ်ဆေးကို သုံးသင့်တဲ့ အခြေအနေများ
- ခရီးသွားရင်း ဝမ်းလျှောခြင်း – ခရီးသွားတဲ့အခါ ဝမ်းလျှောတာမျိုးဖြစ်ရင် ဝမ်းပိတ်ဆေးကို ဆရာဝန်နဲ့ တိုင်ပင်ပြီး သုံးနိုင်ပါတယ်။
- နာတာရှည် ဝမ်းလျှောခြင်း – တချို့နာတာရှည် ဝမ်းလျှောရောဂါတွေမှာ ဝမ်းပိတ်ဆေးကို ဆရာဝန်ညွှန်ကြားချက်နဲ့ သုံးနိုင်ပါတယ်။
ဝမ်းပျက်ဝမ်းလျှောတဲ့အခါ အိမ်မှာ ကိုယ့်ဘာသာ ဘယ်လိုဂရုစိုက်ကြမလဲ။
- ရေဓာတ်ဖြည့်တင်းပါ – ရေများများသောက်ပါ။ ရေအပြင် ဓာတ်ဆားရည် (ORS) လိုမျိုး ဓာတ်ဆားပါတဲ့ အရည်တွေကိုလည်း သောက်သုံးပေးပါ။
- အစားအသောက်ကို ဂရုစိုက်ပါ – ပျော့ပြောင်းနူးညံ့တဲ့အစားအစာတွေကို စားပါ။ ငှက်ပျောသီး၊ ထမင်းဖြူ၊ ပေါင်မုန့်ခြောက်၊ ပြုတ်ထားတဲ့ အာလူး စတာတွေကို စားပေးပါ။ အဆီများတဲ့ အစားအစာတွေ၊ အစပ်တွေနဲ့ နို့ထွက်ပစ္စည်းတွေကို ရှောင်ပါ။
- အနားယူပါ – ခန္ဓာကိုယ်ကို အနားပေးပါ။ လုံလောက်တဲ့ အိပ်စက်အနားယူချိန် ရယူပါ။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်လဲ
- ရေဓာတ်ဆုံးရှုံးခြင်း လက္ခဏာများ – ဥပမာ – ပါးစပ်ခြောက်ခြင်း၊ ဆီးသွားနည်းခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ နှလုံးခုန်မြန်ခြင်းနဲ့ အားနည်းခြင်းတို့ ဖြစ်ပေါ်လာရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
- ပြင်းထန်တဲ့ဝမ်းလျှောခြင်း – တစ်နေ့ကို အကြိမ်ရေများစွာ ဝမ်းသွားနေပြီး ၂ ရက်ထက်ပိုကြာရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
- ဝမ်းထဲမှာ သွေးပါခြင်း – ဝမ်းထဲမှာ သွေးပါတာ ဒါမှမဟုတ် အမည်းရောင် ဝမ်းသွားတာမျိုးတွေ ဖြစ်ရင် ဆရာဝန်နဲ့ ချက်ချင်း ပြသသင့်ပါတယ်။
- အဖျားကြီးခြင်း – ၁၀၀.၄ ဒီဂရီ ဖာရင်ဟိုက် (၃၈ ဒီဂရီ စင်တီဂရိတ်) ထက်ပိုတဲ့ အဖျားရှိရင် ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။
- ပြင်းထန်တဲ့ ဗိုက်နာခြင်း – ဗိုက်အရမ်းအောင့်ပြီး မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
ဝမ်းပျက်ဝမ်းလျှောတိုင်း ဝမ်းပိတ်ဆေးသောက်ဖို့ မလိုအပ်ပါဘူး။ အများစုကတော့ ရေဓာတ်များများဖြည့်ပြီး အနားယူလိုက်ရင် သူ့အလိုလို သက်သာသွားလေ့ရှိပါတယ်။ စိုးရိမ်ရတဲ့အခြေအနေတွေ ခံစားလာရတဲ့အခါ နီးစပ်ရာဆေးရုံဆေးခန်းကို အမြန်ဆုံးသွားပြဖို့ အကြံပြုပါရစေ။
