သတ်သေချင်စိတ်ပေါ်လာတဲ့အခါ ဘယ်လိုထိန်းချုပ်မလဲ
ဘဝကိုအရှုံးပေးပြီး ကိုယ့်ကိုယ်ကို သတ်သေချင်စိတ် ပေါ်လာမိချိန်တိုင်းဟာ ပြောမပြတတ်အောင် ခက်ခဲမှာသေချာပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ခက်ခဲပင်ပန်းလွန်းတဲ့ စိတ်ဒုက္ခတွေကနေ ဘယ်လိုနာလန်ထူမလဲ၊ သတ်သေချင်စိတ် ပေါ်လာတိုင်း ဘယ်လိုရုန်းထွက်ကြမလဲဆိုတာ ပြောပြပေးချင်ပါတယ်။
သတ်သေချင်စိတ်ဖြစ်ပေါ်စေသော အကြောင်းရင်းအများစုက အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများ
- စိတ်ကျရောဂါ (Major Depressive Disorder)
- စိုးရိမ်ပူပန်မှုရောဂါများ (Anxiety Disorders)
- စိတ်ကစဉ့်ကလျားရောဂါ (Schizophrenia)
- စိတ်နှစ်ခွရောဂါ (Bipolar Disorder)
- စိတ်ဒဏ်ရာလွန်ရောဂါ (PTSD)
- အထီးကျန်ဆန်ခြင်း
၂။ ဘဝအခက်အခဲများ
- ငွေကြေးအခက်အခဲများ
- လူမှုဆက်ဆံရေးနဲ့ အချစ်ရေးပြဿနာများ
- အလုပ်အကိုင်ပြဿနာများ
- ကျန်းမာရေးပြဿနာများ
၃။ အခြားအကြောင်းရင်းများ
- အရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်း
- မိသားစုမှာ စိတ်ကျန်းမာရေးပြဿနာ ဒါမှမဟုတ် သတ်သေမှုတွေရှိခဲ့ခြင်း
- အနိုင်ကျင့်ခံရခြင်း
![သတ်သေချင်စိတ်ပေါ်လာတဲ့အခါ ဘယ်လိုထိန်းချုပ်မလဲ](https://health.z-waka.com/wp-content/uploads/2025/02/meditating-by-the-ocean.jpg)
သတ်သေချင်စိတ် ပေါ်လာတဲ့အခါ ဘယ်လိုထိန်းချုပ်ရမလဲ။
- ယုံကြည်ရတဲ့ သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင်၊ စိတ်ပညာရှင်၊ ဆရာဝန်၊ စိတ်ပိုင်းဆိုင်ရာ အကူအညီပေးနေတဲ့ ဝန်ဆောင်မှုတွေဆီ ဆက်သွယ်ပြီး ကိုယ့်ရဲ့အခြေအနေမှန်ကို ပြောပြပါ။
- စိတ်ထဲမှာ သတ်သေချင်စိတ် ပေါ်လာတိုင်း အတွေးတွေ၊ အာရုံတွေကို အခြားဆီ ပြောင်းပစ်ပါ။
- အကယ်၍ ကိုယ့်ကိုယ်ကို ထိခိုက်စေနိုင်တယ်လို့ ခံစားရရင် အန္တရာယ်ကင်းတဲ့နေရာကို ချက်ချင်းသွားပါ။
- အသက်ကို ခပ်ဝဝရှူသွင်း၊ ရှူထုတ်ရင်း စိတ်ကိုတည်ငြိမ်အောင် ကြိုးစားပါ။
ရေရှည်မှာ စိတ်သက်သာရာရပြီး စိတ်ဒုက္ခတွေကနေ လွတ်မြောက်နိုင်ဖို့အတွက် အောက်ပါအတိုင်း ကြိုးစားကြည့်သင့်ပါတယ်။
- အဆိုးမြင်အတွေးတွေကို အပြုသဘောဆောင်တဲ့အတွေးတွေနဲ့ ပြောင်းလဲဖို့ ကြိုးစားပြီး ကိုယ့်ဘဝမှာ ကျေးဇူးတင်စရာရှိတဲ့အရာတွေကို ရေးချကြည့်ပါ။
- စိတ်ကျန်းမာရေးအဖွဲ့အစည်း၊ စိတ်ရောဂါကုဆရာဝန်များနဲ့ ချိတ်ဆက်ပြီး လိုအပ်တဲ့ ဆွေးနွေးမှု၊ ကုသမှုများကို ခံယူပါ။
- နေရောင်ခံတာ၊ အပြင်ထွက် လမ်းလျှောက်တာ၊ ပန်းခြံထဲထိုင်တာ လိုမျိုး သဘာဝတရားနဲ့ထိတွေ့ရမဲ့အရာတွေ လုပ်ကြည့်ပါ။
- ကိုယ့်ကို ပျော်စေမဲ့ ဝါသနာတစ်ခုခုကို ပျိုးထောင်ကြည့်ပါ။
- အချိန်မှန်အိပ်၊ အချိန်မှန်စားပြီး ကိုယ့်ကိုယ်ကို ဂရုတစိုက်ရှိပေးပါ။
- တရားထိုင်တာ၊ ယောဂကျင့်တာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ အစရှိတာတွေ လုပ်ပါ။
- တစ်နေ့ကို အနည်းဆုံး ကိုယ့်အတွက်အချိန် မိနစ်သုံးဆယ်ခန့်ပေးပြီး အနားယူပါ။ ရေချိုးပါ။ အလှပြင်ပါ။ စိတ်သက်သာမဲ့အရာမှန်သမျှလုပ်ပါ။
- အကူအညီလိုအပ်တယ်ဆို ယုံကြည်ရတဲ့ မိသားစု၊ သူငယ်ချင်း၊ ချစ်ရသူတွေကို ထုတ်ပြောပြီး အကူအညီတောင်းခံဖို့ မမေ့ပါနဲ့။
သတ်သေချင်စိတ်ဟာ တစ်ခါတလေမှာ ပျောက်ကွယ်သွားတတ်ပေမဲ့ ပြန်ဖြစ်လာနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့နဲ့ အကူအညီရယူဖို့ အရမ်း အရေးကြီးပါတယ်။ သင့်ကိုချစ်တဲ့သူတွေ၊ သင့်ကို ဂရုစိုက်တဲ့သူတွေ အများကြီးရှိတဲ့အတွက် သတ်သေချင်စိတ်ကို အနိုင်ယူပြီး အတူတူရှေ့ဆက်ရှင်သန်ကြပါမယ်။