အမျိုးသမီးများနဲ့ သွေးဆုံးကိုင်ခြင်း
အမျိုးသမီးတွေရဲ့ဘဝမှာ မဖြစ်မနေကြုံတွေ့ရမဲ့အရာတစ်ခုက သွေးဆုံးခြင်းပဲဖြစ်ပါတယ်။ သွေးဆုံးခြင်းဆိုတာ အမျိုးသမီးတွေအသက်ရလာတဲ့အခါမှာ သားဥအိမ်ကနေ ဟော်မုန်းထုတ်လုပ်မှုတွေ လျော့နည်းသွားပြီး မျိုးပွားနိုင်စွမ်း ကုန်ဆုံးသွားတဲ့ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။
ပုံမှန်အားဖြင့် အသက် ၄၅ နှစ်ကနေ ၅၅ နှစ်ကြားမှာ သွေးဆုံးတတ်ကြပါတယ်။ နောက်ဆုံးရာသီလာပြီးနောက် ၁၂ လအထိ ရာသီမလာတော့မှ သွေးဆုံးတယ်လို့ သတ်မှတ်ပါတယ်။သွေးဆုံးချိန်မှာ အမျိုးသမီးတွေဟာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ ပြောင်းလဲမှုတွေ ခံစားရလေ့ရှိပြီး ဒီလက္ခဏာတွေကိုစုပေါင်းကာ သွေးဆုံးကိုင်ခြင်း လို့ခေါ်ကြပါတယ်။
သွေးဆုံးကိုင်ချိန်မှာ ခံစားရတတ်တဲ့ ဝေဒနာတွေက ဘာတွေလဲ။
- ရာသီမမှန်ခြင်း: သွေးဆုံးခါနီးအချိန်မှာ ရာသီလာချိန်တွေ မမှန်တာ၊ အရင်ကထက် သွေးဆင်းများတာ ဒါမှမဟုတ် သွေးဆင်းနည်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။
- ပူလိုက်အေးလိုက်ဖြစ်ခြင်း : ရုတ်တရက် ပူလာပြီး ချွေးတွေထွက်တာမျိုး ဖြစ်တတ်ပါတယ်။ မျက်နှာနဲ့ လည်ပင်းမှာ အဖြစ်များပြီး တစ်ခါဖြစ်ရင် စက္ကန့်ပိုင်းကနေ မိနစ်အနည်းငယ်အထိ ကြာတတ်ပါတယ်။
- ညဘက် ချွေးထွက်ခြင်း : ညဘက်မှာ အိပ်နေရင်း ချွေးတွေအရမ်းထွက်ပြီး အိပ်ရာက နိုးလာတာမျိုး ဖြစ်တတ်ပါတယ်။
- အိပ်မပျော်ခြင်း: အိပ်ရခက်တာ၊ အိပ်မောကျဖို့ ခက်ခဲတာ၊ ဒါမှမဟုတ် အိပ်ပျော်ပေမယ့် အိပ်ရေးမဝတာမျိုးတွေ ဖြစ်တတ်ပါတယ်။
- စိတ်အတက်အကျမြန်ခြင်း: စိတ်တိုတာ၊ စိတ်မရှည်တာ၊ စိတ်ဓာတ်ကျတာ၊ စိုးရိမ်ပူပန်တာတွေ ဖြစ်တတ်ပါတယ်။
- လိင်စိတ်ပြောင်းလဲခြင်း: လိင်စိတ်နည်းသွားတာ၊ မိန်းမကိုယ်ခြောက်သွေ့တာ၊ လိင်ဆက်ဆံတဲ့အခါ နာကျင်တာတွေ ဖြစ်တတ်ပါတယ်။
- ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများ: ဆီးခဏခဏသွားချင်တာ၊ ဆီးအိမ်ထိန်းချုပ်ရခက်တာ၊ ဆီးသွားတဲ့အခါ ပူတာတွေ ဖြစ်တတ်ပါတယ်။
- အရိုးပါးခြင်း (Osteoporosis): အရိုးတွေ ပါးလာပြီး အလွယ်တကူ ကျိုးလွယ်တာမျိုး ဖြစ်တတ်ပါတယ်။
- ကိုယ်အလေးချိန်ပြောင်းလဲခြင်း: ကိုယ်အလေးချိန် တက်လာတာမျိုး ဖြစ်တတ်ပါတယ်။
- အသားအရေနဲ့ ဆံပင်ပြောင်းလဲခြင်း: အသားအရေ ခြောက်သွေ့လာတာ၊ အရေးအကြောင်းတွေ ပိုများလာတာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်တတ်ပါတယ်။
- မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှု ပြဿနာများ: မှတ်ဉာဏ်လျော့နည်းတာ၊ အာရုံစူးစိုက်ရခက်တာတွေ ဖြစ်တတ်ပါတယ်။

သွေးဆုံးကိုင်ချိန်မှာ ဖြစ်တတ်တဲ့ ဝေဒနာတွေကို ဘယ်လိုကာကွယ်နိုင်မလဲ။
- အာဟာရပြည့်ဝအောင် စားပါ: သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အသားငါး၊ ပဲအမျိုးမျိုးနဲ့ ကောက်နှံတွေကို များများစားပါ။ ကယ်လ်စီယမ်ဓာတ်နဲ့ ဗီတာမင်ဒီ ကြွယ်ဝတဲ့ အစားအစာတွေကိုလည်း စားသုံးပေးပါ။
- လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ: တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ လောက် လေ့ကျင့်ခန်းလုပ်ပါ။ လမ်းလျှောက်တာ၊ ရေကူးတာ၊ ယောဂကျင့်တာတွေ လုပ်နိုင်ပါတယ်။
- ဆေးလိပ်နဲ့ အရက်ကို ရှောင်ပါ: ဆေးလိပ်နဲ့ အရက်ဟာ သွေးဆုံးချိန်မှာ ခံစားရတဲ့ ဝေဒနာတွေကို ပိုဆိုးစေနိုင်တာကြောင့် ဆေးလိပ်နဲ့ အရက်ကို ရှောင်ကြဉ်တာ အကောင်းဆုံးဖြစ်ပါတယ်။
- ကိုယ်အလေးချိန်ကို ထိန်းပါ: ကိုယ်အလေးချိန် များလွန်းတာကလည်း သွေးဆုံးချိန်မှာ ခံစားရတဲ့ ဝေဒနာတွေကို ပိုဆိုးစေနိုင်လို့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။
- စိတ်ဖိစီးမှုကို လျှော့ချပါ: စိတ်ဖိစီးမှုကို လျှော့ချဖို့အတွက် တရားထိုင်တာ၊ ယောဂကျင့်တာ၊ စိတ်အပန်းဖြေတာမျိုးတွေက ကူညီပေးနိုင်သလို အပေါင်းအသင်းတွေနဲ့ ပုံမှန်စကားပြောဆိုခြင်း၊ အပြင်ထွက်ပြီး လမ်းလျှောက်ခြင်းတွေကလည်း စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။
- အိပ်ရေးဝအောင် အိပ်ပါ:ပုံမှန်အိပ်ချိန်ကို သတ်သတ်မှတ်မှတ်ထားပြီး အိပ်ရာဝင်ခါနီးမှာ ကဖင်းဓာတ်ပါတဲ့ အစားအစာတွေ၊ အရက်နဲ့ ဆေးလိပ်ကို ရှောင်ပါ။
- လိင်ဆက်ဆံတဲ့အခါ နာကျင်တာကို သက်သာအောင် လုပ်ပါ: လိင်ဆက်ဆံချိန်မှာ မိန်းမကိုယ်ကို ချောမွေ့စေတဲ့ လိမ်းဆေးတွေ ဒါမှမဟုတ် ဂျယ်လီတွေကို အသုံးပြုလို့ရသလို အချိန်ကြာကြာအစပျိုးခြင်းကလည်း သွေးဆုံးကိုင်ချိန်မှာ လိင်ဆက်ဆံခြင်းကြောင့် နာကျင်မှုကို သက်သာစေနိုင်ပါတယ်။
- ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို သက်သာအောင် လုပ်ပါ: ရေများများသောက်ပါ။ဆီးသွားချင်တဲ့အခါ ဆီးအောင့်မထားပါနဲ့။ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကာကွယ်ဖို့အတွက် သန့်ရှင်းရေးကို ဂရုစိုက်ပါ။
- အရိုးကျန်းမာရေးကို ဂရုစိုက်ပါ: ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီ ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပါ။ဆရာဝန်နဲ့ တိုင်ပင်ပြီး အရိုးအားကောင်းစေတဲ့ ဆေးဝါးတွေ သောက်သုံးပါ။
- ဆရာဝန်နဲ့ ပုံမှန်ပြသစစ်ဆေးပါ:ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ပြီး သွေးဆုံးခြင်းကြောင့် ဖြစ်တဲ့ ရောဂါတွေကို စောစီးစွာ သိရှိပြီး ကုသမှုခံယူပါ။
သွေးဆုံးကိုင်ချိန်ကို ဘယ်လိုနေထိုင်ဖြတ်သန်းရမလဲ။
သွေးဆုံးချိန်မှာ အမျိုးသမီးတွေအနေနဲ့ မိမိကိုယ်ကို ဂရုစိုက်ပြီး ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ အောက်ပါအချက်တွေကို ဂရုစိုက်ပြီး နေထိုင်နိုင်ပါတယ်။
- သွေးဆုံးခြင်းဟာ ဘဝရဲ့ သဘာဝဖြစ်စဉ်တစ်ခုဖြစ်တယ်ဆိုတာကို လက်ခံပါ။
- သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ပုံမှန်စကားပြောဆိုပြီး အချိန်ဖြုန်းပါ။
- မိမိနှစ်သက်တဲ့ ဝါသနာတွေကို ဆက်လက်လုပ်ဆောင်ပါ။
- ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်တာရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
- စိတ်ပိုင်းဆိုင်ရာ အကူအညီလိုအပ်ရင် စိတ်ပညာရှင် ဒါမှမဟုတ် ကုထုံးပညာရှင်နဲ့ တိုင်ပင်ပါ။
သွေးဆုံးချိန်မှာ ခံစားရတဲ့ ဝေဒနာတွေကြောင့် အခက်အခဲတွေ ရှိနိုင်ပေမယ့် မှန်ကန်တဲ့ နေထိုင်မှုပုံစံနဲ့ ကုသမှုတွေနဲ့ သက်သာပျောက်ကင်းနိုင်တာမို့ သွေးဆုံးချိန်ကို ကြောက်စရာအဖြစ် မမြင်ဘဲ မိမိကိုယ်ကို ဂရုစိုက်ပြီး ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ အရေးကြီးတဲ့အကြောင်း ဖော်ပြလိုက်ရပါတယ်။
