အမှောင်ထဲမှာ ဖုန်းသုံးခြင်းနဲ့ မျက်စိကျန်းမာရေး
ဒီနေ့ခေတ်မှာ ဖုန်းဆိုတာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်နေပါပြီ။ အလုပ်ကိစ္စတွေ၊ လူမှုရေးကိစ္စတွေ၊ ဖျော်ဖြေရေးကိစ္စတွေ အားလုံးအတွက် ဖုန်းကို အသုံးပြုနေကြပါတယ်။ ဒါပေမဲ့ ဖုန်းကို မှန်ကန်စွာ အသုံးပြုဖို့ကလည်း အရေးကြီးပါတယ်။ အထူးသဖြင့် အိပ်ခါနီး မီးပိတ်ပြီးချိန် ဒါမှမဟုတ် မီးပျက်လို့ မှောင်နေချိန်တွေမှာ အမှောင်ထဲ ဖုန်းသုံးတာက မျက်စိကျန်းမာရေးကို အနည်းနဲ့အများ ထိခိုက်စေနိုင်ပါတယ်။
အမှောင်ထဲမှာ ဖုန်းသုံးတာ မကောင်းရတဲ့ အဓိကအကြောင်းအရင်းကတော့ အောက်ပါအချက်တွေကြောင့် ဖြစ်ပါတယ်။
- အလင်းရောင်မညီမျှခြင်း : အမှောင်ထဲမှာ ဖုန်းသုံးတဲ့အခါ ပတ်ဝန်းကျင်က အလင်းရောင်နဲ့ ဖုန်းကထုတ်လွှတ်တဲ့ အလင်းရောင်မညီမျှပါဘူး။ ဒါဟာ မျက်စိကို ပိုပြီး အလုပ်လုပ်စေပြီး ညောင်းညာစေပါတယ်။
- အပြာရောင်အလင်း (Blue Light): ဖုန်းတွေ၊ တက်ဘလက်တွေနဲ့ ကွန်ပျူတာတွေက ထုတ်လွှတ်တဲ့ အပြာရောင်အလင်းဟာ မျက်စိကို အန္တရာယ်ဖြစ်စေနိုင်ပြီး အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
- အာရုံစူးစိုက်မှု : အမှောင်ထဲမှာ ဖုန်းကို အာရုံစိုက်ကြည့်တဲ့အခါ မျက်စိက ပုံမှန်ထက်ပိုပြီး ကြိုးစားအားထုတ်ရပါတယ်။ ဒါ့ကြောင့် မျက်စိညောင်းညာခြင်းနဲ့ အမြင်အာရုံပြဿနာတွေကို ခံစားရနိုင်ပါတယ်။
အမှောင်ထဲမှာ ဖုန်းသုံးလို့ဖြစ်နိုင်တဲ့ အမြင်အာရုံပြဿနာများ
မျက်စိညောင်းညာခြင်းနှင့် မျက်ရိုးကိုက်ခြင်း
အမှောင်ထဲမှာ ဖုန်းသုံးတဲ့အခါ မျက်လုံးက ပုံမှန်ထက် အလုပ်ပိုလုပ်ရပါတယ်။ ဖုန်းရဲ့ အလင်းရောင်ကို အာရုံစိုက်ပြီး ကြည့်နေရတာကြောင့် မျက်လုံးကြွက်သားတွေ တင်းမာပြီး ညောင်းညာလာနိုင်ပါတယ်။ ဒါ့အပြင် မျက်ရိုးကိုက်ခဲတာ၊ ခေါင်းကိုက်တာတွေလည်း ဖြစ်လာနိုင်ပါတယ်။
မျက်စိခြောက်သွေ့ခြင်း
ဖုန်းကို အာရုံစိုက်ပြီး ကြည့်နေတဲ့အခါ မျက်တောင်ခတ်တဲ့အကြိမ်ရေ နည်းသွားပါတယ်။ ဒါကြောင့် မျက်လုံးရဲ့ အစိုဓာတ်ကို ထိန်းပေးတဲ့ မျက်ရည်တွေ ခန်းခြောက်ပြီး မျက်စိခြောက်လာနိုင်ပါတယ်။ မျက်စိခြောက်လာရင် ယားယံတာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ မျက်လုံးထဲမှာ တစ်ခုခုဝင်နေသလို ခံစားရတာတွေ ဖြစ်နိုင်ပါတယ်။
အလင်းရောင်ကို ပိုမိုထိခိုက်လွယ်လာခြင်း
အမှောင်ထဲမှာ ဖုန်းအလင်းရောင်ကို အာရုံစိုက်ပြီး ကြည့်နေတဲ့အခါ မျက်လုံးဟာ အလင်းရောင်ကို ပိုပြီး ထိခိုက်လွယ်လာပါတယ်။ ရုတ်တရက် အလင်းရောင်များတဲ့နေရာကို ရောက်သွားရင် မျက်လုံးပြာတာ၊ စူးရှတဲ့အလင်းရောင်ကြောင့် မျက်လုံးကို အလိုလိုမှိတ်ထားချင်တာတွေ ဖြစ်တတ်ပါတယ်။
အမြင်အာရုံဝေဝါးခြင်း
အချိန်ကြာမြင့်စွာ အမှောင်ထဲမှာ ဖုန်းသုံးတဲ့အခါ မျက်လုံးက အာရုံစူးစိုက်ရခက်လာပြီး အမြင်အာရုံဝေဝါးလာနိုင်ပါတယ်။ အထူးသဖြင့် စာဖတ်တဲ့အခါ ဒါမှမဟုတ် အသေးစိတ်အချက်အလက်တွေကို ကြည့်တဲ့အခါ အခက်အခဲ ဖြစ်နိုင်ပါတယ်။
အိပ်ရေးပျက်ခြင်း
ဖုန်းမျက်နှာပြင်ကနေ ထွက်တဲ့ အပြာရောင်အလင်းတန်း (Blue Light) ဟာ အိပ်စက်ခြင်းကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ မယ်လတိုနင် (Melatonin) ထုတ်လုပ်မှုကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ ဒါကြောင့် အိပ်ချိန်နီးကပ်လာမှ ဖုန်းသုံးတဲ့အခါ အိပ်မပျော်တာ၊ အိပ်ရေးမဝတာတွေ ဖြစ်တတ်ပါတယ်။ ရေရှည်မှာ ဒီလိုဖြစ်နေရင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
ရေတိမ်နှင့် မျက်စိအတွင်းတိမ် ဖြစ်နိုင်ခြေများခြင်း
ရေရှည်မှာ အမှောင်ထဲ ဖုန်းအသုံးပြုမှုများခြင်းဟာ ရေတိမ်နဲ့ မျက်စိအတွင်းတိမ် ဖြစ်နိုင်ခြေကို များစေနိုင်ပါတယ်။ ဒီရောဂါတွေဟာ အမြင်အာရုံကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပြီး အချိန်မီမကုသရင် မျက်စိကွယ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။
အသက်အရွယ်ကြောင့် ဖြစ်တတ်သော မျက်စိရောဂါများ ပိုဆိုးလာခြင်း
အသက်အရွယ်ကြီးလာတာနဲ့အမျှ မျက်စိရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ လျော့နည်းလာတတ်ပါတယ်။ အမှောင်ထဲမှာ ဖုန်းကို အလွန်အကျွံသုံးစွဲခြင်းဟာ ဒီလိုအသက်အရွယ်ကြောင့် ဖြစ်တတ်တဲ့ မျက်စိရောဂါတွေကို ပိုဆိုးလာစေနိုင်ပါတယ်။
ဒါကြောင့် အမှောင်ထဲမှာ ဖုန်းသုံးတာကို တတ်နိုင်သလောက် ရှောင်ရှားသင့်ပြီး မျက်စိကျန်းမာရေးကို ကာကွယ်ဖို့အတွက် အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။
- အလင်းရောင်ကောင်းကောင်းရှိတဲ့နေရာမှာ ဖုန်းကိုသုံးပါ။ အလင်းရောင်မလုံလောက်ရင် ဖုန်းအလင်းရောင်ကို မြှင့်တင်ပါ။
- ဖုန်းကို ကြာရှည်စွာအသုံးပြုတဲ့အခါ မျက်စိကို ခဏခဏ အနားပေးပါ။ ၂၀ မိနစ် ဖုန်းသုံးပြီးတိုင်း ၂၀ စက္ကန့်လောက် အဝေးကို ကြည့်ပါ။
- ဖုန်းရဲ့အလင်းရောင်ကို ပတ်ဝန်းကျင်အလင်းရောင်နဲ့ ကိုက်ညီအောင် ချိန်ညှိပါ။ အလင်းရောင်အရမ်းများတာ သို့မဟုတ် အရမ်းနည်းတာကို ရှောင်ပါ။
- ဖုန်းတွေမှာ Night Mode (သို့) Dark Mode လို့ခေါ်တဲ့ မျက်စိကိုသက်သာစေတဲ့ Mode တွေ ပါဝင်ပါတယ်။ အဲဒီ Mode တွေကို သုံးပေးခြင်းအားဖြင့် အပြာရောင်အလင်းကို လျှော့ချနိုင်ပါတယ်။
- မျက်စိဆရာဝန်နဲ့ ပုံမှန်စစ်ဆေးပြီး မျက်စိနဲ့ပတ်သက်တဲ့ ရောဂါတွေကို ကြိုတင်ကာကွယ်ပါ။
- မျက်စိကြွက်သားတွေကို သန်မာစေဖို့အတွက် မျက်စိလေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ပေးပါ။
အမှောင်ထဲမှာ ဖုန်းသုံးတာက မျက်စိကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အတွက် တတ်နိုင်သလောက်ရှောင်ရှားသင့်ပါတယ်။ မျက်စိကို ဂရုစိုက်ပြီး မှန်ကန်တဲ့ အလင်းရောင်နဲ့ အလေ့အကျင့်တွေကို လိုက်နာခြင်းအားဖြင့် မျက်စိကို ကျန်းမာအောင် ထိန်းသိမ်းနိုင်ပါတယ်။