အသည်းရောင်အသားဝါ ဘီပိုးအကြောင်း
| |

အသည်းရောင်အသားဝါ ဘီပိုးအကြောင်း

အသည်းရောင်အသားဝါ ဘီပိုးဆိုတာ Hepatitis B Virus (HBV) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ပွားတဲ့ ကူးစက်ရောဂါတစ်မျိုးပါ။ ဒီဗိုင်းရပ်စ်ပိုးဟာ အသည်းကို ပျက်စီးစေပြီး ရောင်ရမ်းစေပါတယ်။ နာတာရှည်ရောဂါအဖြစ်သို့ ပြောင်းလဲသွားတဲ့အခါ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်းစတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။

အသည်းရောင်အသားဝါ ဘီပိုး ဘယ်လိုကူးစက်ခံရနိုင်လဲ။ 

  • မွေးရာပါ ကူးစက်ခံရခြင်း

ရောဂါပိုးရှိတဲ့ မိခင်ကနေ ကလေးမွေးဖွားစဉ်မှာ ကလေးကို ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ မိမိမှာ ရောဂါပိုးရှိမရှိကို စစ်ဆေးသင့်ပါတယ်။

  • သွေးနဲ့ထိတွေ့ခြင်း

ရောဂါပိုးရှိတဲ့ သွေးနဲ့ တိုက်ရိုက်ထိတွေ့မိတာ၊ ရောဂါပိုးရှိတဲ့သူ သုံးပြီးသား ဆေးထိုးအပ်တွေ၊ ဆေးထိုးပြွန်တွေကို မျှဝေသုံးစွဲတာတွေကနေလည်း ကူးစက်နိုင်ပါတယ်။

  • လိင်ဆက်ဆံခြင်း 

ရောဂါပိုးရှိသူနဲ့ လိင်ဆက်ဆံခြင်းကနေလည်း ကူးစက်နိုင်ပါတယ်။

  • အခြားနည်းလမ်းများ 

ရောဂါပိုးရှိသူရဲ့ သွားတိုက်တံ၊ မုတ်ဆိတ်ရိတ်ဓား၊ လက်သည်းညှပ် စတာတွေကို မျှဝေသုံးစွဲတာကနေလည်း ကူးစက်နိုင်ပါတယ်။

အသည်းရောင်အသားဝါ ဘီပိုးရဲ့ လက္ခဏာများ

အသည်းရောင်အသားဝါ ဘီပိုးကူးစက်ခံရတဲ့အခါ လူအများစုမှာ ရောဂါလက္ခဏာတွေ ပြလေ့မရှိပေမယ့် ရုတ်တရက် အသည်းရောင်ခြင်း (Acute Hepatitis) နဲ့ နာတာရှည်အသည်းရောင်ခြင်း (Chronic Hepatitis) ရောဂါခံစားရတဲ့ အချို့လူတွေမှာတော့ အောက်ပါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။

ရုတ်တရက်အသည်းရောင်ခြင်းရဲ့ လက္ခဏာများ

  • ကိုယ်ပူခြင်း
  • ခေါင်းကိုက်ခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • ပျို့အန်ခြင်း၊ အော့အန်ခြင်း
  • ဗိုက်အောင့်ခြင်း
  • အစာမစားချင်ခြင်း
  • အသားအရည်နဲ့ မျက်လုံးဝါခြင်း (အသားဝါခြင်း)
  • ဆီးအရောင်ရင့်ခြင်း
  • မစင်အရောင်ဖျော့ခြင်း

နာတာရှည် အသည်းရောင်ခြင်းရဲ့ လက္ခဏာများ

နာတာရှည်အသည်းရောင်ရမ်းခြင်းက တဖြည်းဖြည်းချင်းဖြစ်ပွားတာကြောင့် အများအားဖြင့် အသည်းခြောက်ခြင်းအဆင့်ထိမရောက်သရွေ့ ရောဂါလက္ခဏာထွေထွေထူးထူးမတွေ့ရှိရဘဲ ခပ်ငွေ့ငွေ့ဖျားခြင်း၊ အစားအသောက်ပျက်ခြင်း၊ မောပန်းခြင်း၊ ဝမ်းဗိုက်မအီမသာဖြစ်ခြင်း စတာတွေသာ ခံစားရတတ်ပြီး ရောဂါပြင်းထန်လာရင်တော့ အောက်ပါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။ 

  • ကိုယ်အလေးချိန်ကျခြင်း
  • အသည်းကြီးလာခြင်း
  • ခြေထောက်နဲ့ ခြေကျင်းဝတ် ရောင်ရမ်းခြင်း
  • ဗိုက်ထဲရေအောင်းခြင်း
အသည်းရောင်အသားဝါ ဘီပိုးအကြောင်း

အသည်းရောင်အသားဝါ ဘီပိုးကို ဘယ်လိုစစ်ဆေးနိုင်လဲ

  • သွေးစစ်ခြင်း (Blood Test): သွေးစစ်ခြင်းဖြင့် ရောဂါပိုးရှိမရှိကို အလွယ်တကူ သိရှိနိုင်ပါတယ်။ ဘီပိုးရဲ့ မျိုးရိုးဗီဇနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း စစ်ဆေးနိုင်ပါတယ်။
  • အသည်းစစ်ဆေးခြင်း (Liver Function Test): ဒီစစ်ဆေးမှုက အသည်းရဲ့ လုပ်ဆောင်နိုင်စွမ်းကို စစ်ဆေးပေးပြီး အသည်းပျက်စီးမှုရှိမရှိကို သိရှိနိုင်ပါတယ်။

အသည်းရောင်အသားဝါ ဘီပိုးရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ

  • အသည်းခြောက်ခြင်း (Liver Cirrhosis): အသည်းဆဲလ်တွေ ပျက်စီးပြီး အမာရွတ်တွေ ဖြစ်လာတဲ့အတွက် အသည်းရဲ့ လုပ်ဆောင်နိုင်စွမ်း လျော့နည်းသွားခြင်း။
  • အသည်းကင်ဆာ (Liver Cancer): အသည်းရောင်အသားဝါ ဘီပိုးဟာ အသည်းကင်ဆာဖြစ်ပွားနိုင်ခြေကို အလွန်မြင့်မားစေပါတယ်။
  • အသည်းပျက်စီးခြင်း (Liver Failure): အသည်းရဲ့ လုပ်ဆောင်နိုင်စွမ်း လုံးဝပျက်စီးသွားပြီး အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။

အသည်းရောင်အသားဝါ ဘီပိုးကို ဘယ်လိုကုသနိုင်လဲ

အသည်းရောင်အသားဝါ ဘီပိုး အထူးသဖြင့် နာတာရှည်ကူးစက်ခံထားရတဲ့ အသည်းရောင်အသားဝါဘီပိုးကို ချက်ချင်းအရှင်းပျောက်ကင်းအောင်တော့ မကုသနိုင်သေးပါဘူး။ လတ်တလောကူးစက်ခံထားရပြီးပြီးချင်းမှာ လက္ခဏာသက်သာအောင် ကုသမှုပေးပြီး အများစုသက်သာသွားလေ့ရှိပါတယ်။ ကူးစက်ခံထားရပြီး၆လကျော်တဲ့အထိ သွေးထဲမှာ ဘီပိုးရှိနေသေးတယ်ဆိုရင် နာတာရှည်ကူးစက်ခံရခြင်းလို့သတ်မှတ်ပြီး လုံး၀ပျောက်အောင်တော့ ကုသလို့မရပေမဲ့  အသည်းကင်ဆာ၊ အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်းတို့လို နောက်ဆက်တွဲရောဂါတွေ မဖြစ်ရလေအောင် ရောဂါပိုးထပ်မတိုးဖို့ ထိန်းချုပ်နိုင်မဲ့ နည်းလမ်းတွေတော့ ရှိပါတယ်။ 

  • ဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်တဲ့ဆေးများထိုးခြင်း၊ သောက်ခြင်း 
  •  ရောဂါလက္ခဏာတွေကို သက်သာစေဖို့အတွက် ဆရာဝန်ညွှန်ကြားတဲ့ ဆေးဝါးများသောက်ခြင်း 
  • ကိုယ်ခံအား‌ကောင်းဖို့ အားဆေးနဲ့ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားသုံးပေးခြင်း တို့နဲ့ ရောဂါပိုးတွေ တိုးမလာအောင် ထိန်းထားနိုင်ပါတယ်။ 

အကယ်၍ နောက်ဆက်တွဲအသည်းရောဂါတွေ ပြင်းထန်လာခဲ့ရင်တော့ အသည်းအစားထိုးကုသခြင်းကိုလည်း လုပ်နိုင်ပါတယ်။ 

အသည်းရောင်အသားဝါ ဘီပိုးကို ဘယ်လိုကာကွယ်နိုင်လဲ

  • ကာကွယ်ဆေးထိုးပါ။ 
  •  ဆေးထိုးအပ်တွေ၊ သွေးနဲ့ထိတွေ့နိုင်တဲ့ ပစ္စည်းတွေကို မျှဝေမသုံးပါနဲ့။ ဆေးထိုးအပ်တွေသုံးတဲ့အခါ တစ်ခါသုံးဆေးထိုးအပ်တွေကိုပဲ သုံးပါ။
  • လိင်ဆက်ဆံတဲ့အခါ အကာအကွယ်သုံးပါ။ 
  •  ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ မိမိမှာ ရောဂါပိုးရှိမရှိကို စစ်ဆေးသင့်ပြီး ရောဂါပိုးရှိပါက ကလေးမွေးဖွားစဉ်မှာ ကလေးကို မကူးစက်အောင် ကာကွယ်ပါ။ 
  • ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားသုံးပြီး၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၊ စိတ်ဖိစီးမှုကို လျှော့ချခြင်းအားဖြင့် ကိုယ်ခံအားကို ကောင်းမွန်အောင် ပြုလုပ်ပါ။ 

အသည်းရောင်အသားဝါ ဘီပိုးကို လုံးဝပျောက်ကင်းအောင် မကုသနိုင်ပေမယ့် ပုံမှန်ကုသမှုခံယူခြင်းအားဖြင့် ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်နိုင်ပြီး အသည်းပျက်စီးမှုကို လျှော့ချနိုင်ပါတယ်။ ရောဂါမဖြစ်ခင်မှာ ကာကွယ်ခြင်းက အကောင်းဆုံးဖြစ်ပြီး  ရောဂါလက္ခဏာတွေ ခံစားရပါက ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ပြီး ကုသမှုခံယူဖို့ အရေးကြီးပါတယ်။

Similar Posts